မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နမ်ဖိုသင်္ဘောကျင်းကို စစ်ဆေးခဲ့ပြီး စစ်ပြင်ဆင်မှုမှာ ကြံ့ခိုင်အားကောင်းတဲ့ ရေတပ်အင်အားရဲ့ အရေးပါမှုကို အလေးပေး ဖော်ပြခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၂၈ ရက်က ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ခရုဇ်ဒုံးကျည်သစ် (SLCM) ကို စမ်းသပ်ခဲ့ပြီးနောက်မှာ ခေါင်းဆောင်ကင်မ်ရဲ့ ခရီးစဉ်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်ကို အချိန်တပတ်အတွင်းမှာ ဒုတိယအကြိမ် ပစ်ခတ်ခဲ့ပြီးတော့ ရေတပ်ရဲ့ နျူးကလီးယားလက်နက် တပ်ဆင်မှုကို အရှိန်မြှင့်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်နဲ့ သူ့အရာရှိတွေဟာ နမ်ဖိုလို့ ရည်ညွှန်းတဲ့ စစ်တပ်သင်္ဘောတည်ဆောက်ရေး စခန်းတဝိုက်ကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး အဲဒီခရီးစဉ် အတွင်းမှာ ကင်မ်က ရေတပ်အင်အား အားကောင်းလာရေးဟာ စစ်ပြင်ဆင်မှုတွေ ရှေ့ကို တွန်းပို့ရာမှာ အရေးကြီးဆုံးကိစ္စပဲလို့ ပြောကြားခဲ့ကြောင်းလည်း KCNA က ထုတ်ပြန်သွားပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ခဲ့တဲ့ ကြီးကြီးမားမား အစီအစဥ်သစ် တခုအတွက် အမျိုးမျိုးသော စစ်သင်္ဘောတည်ဆောက်မှု ဆိုင်ရာတွေကို ကင်မ်ဂျုံအန်းကို အကျဉ်းချုံး အစီရင်ခံခဲ့ကြကြောင်းလည်း KCNA က ပြောကြားသွားပြီး အသေးစိတ်တော့ မဖော်ပြခဲ့ပါဘူး။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းကနေ ခရုဇ်ဒုံးကျည် အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ ပြုံယမ်းက သီတင်းတပတ်ကျော်အတွင်းမှာ ၄ ကြိမ်မြောက် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ဒုံးကျည်ပစ်လွှတ်မှု ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်တပ်က ပြောကြားခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကို ပြောကြားခြင်း မရှိပါဘူး။
မြောက်ကိုရီးယားက ဒါတွေကို ဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေလို့ ခေါ်တွင်ခဲ့ပြီး အဲဒါတွေဟာ နျူးကလီးယားလက်နက်တွေ ဖြစ်နိုင်ကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းက မြောက်ကိုရီးယားဟာ သူ့ရဲ့ရေငုပ်သင်္ဘောကနေ ခရုဇ်ဒုံးကျည် (SLCM) ပစ်လွှတ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ပစ်လွှတ်တဲ့ဆိုက်မှာ ကြီးကြပ်ကွပ်ကဲခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters