မကွေးတိုင်း၊ သရက်အကျဥ်းထောင်မှာ ထောင်အရာရှိက ဦးဆောင်ပြီး မူးယစ်ဆေးသွင်းကာ အကျဥ်းကျနေသူတွေဆီ ဖြန့်ဝေရောင်းချနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တပွင့်နဲ့ထောင်အရာရှိ ကျော်ဇေယျာစိုး ဦးဆောင်ပြီး မူးယစ်ဆေးသွင်းကာ ဖြန့်ဝေရောင်းချနေတာကို ထောင်ပိုင်တွေက သိရက်နဲ့ ခွင့်ပြုပေးနေတယ်လို့လည်း ဆိုပါတယ်။
သရက်ထောင်နဲ့နီးစပ်သူတဦးက "ဆေးပြားတလုံးကို ကျပ် ငါးထောင်လောက်နဲ့ ဝယ်လို့ရနေတယ်။ ဒီထက်လျှော့ရောင်းတာလည်း ရှိတယ်။ ခန့်မှန်းကြည့်ရသလောက် ထောင်သား တွေမူးယစ်ဆေးစွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေပုံရတယ်။ နိုင်ငံရေးဘက် စိတ်မလည်အောင်လို့ လုပ်တာ"လို့ ပြောပါတယ်။
အဲဒီလို မူးယစ်ဆေးဖြန့်နေတာကြောင့် ထောင်အတွင်း နိုင်ငံရေးအကျဥ်းသား တချို့ မူးယစ်ဆေးစွဲနေတယ်လို့လည်း ဆိုပါတယ်။
အကျဉ်းထောင်အတွင်း မူးယစ်ဆေးတွေသွင်းပြီး ထောင်သားတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မူးယစ်ဆေးစွဲအောင် လုပ်ဆောင်တာကို တခြားထောင်တွေမှာလည်း လုပ်နေပုံရတယ်လို့ အကျဥ်းဦးစီးဌာန သတင်းအရင်းမြစ်တဦးကလည်း သုံးသပ်ပါတယ်။
သရက်အကျဥ်းထောင်က ထောင်အရာရှိကျော်ဇေယျာစိုးဟာ နိုင်ငံရေးအကျဥ်းသားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးတာတွေရှိပြီး ထောင်သားတွေကြား ထဲသတင်းဆိုးနဲ့ ကျော်ကြားသူဖြစ်တယ်လို့ အဲဒီထောင်ကနေလွတ်မြောက်လာသူတချို့က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ထောင်အရာရှိကျော်ဇေယျာစိုးနဲ့ သရက်ထောင် အာဏာပိုင်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။