၂၀၂၁
ဖေဖော်ဝါရီ ၁ ရက်
နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူလိုက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း။
-ဒုသမ္မတ ဦးမြင့်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ၇ ဦးပါဝင်နဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ။
-လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိနေတဲ့ နေပြည်တော် စည်ပင်ရိပ်သာရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးပိတ်ပင်ထား။
-အင်တာနက် ၊ မိုဘိုင်းဖုန်းနဲ့ ရုပ်မြင်သံကြားလိုင်းများကို ပိတ်ထား။
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အရပ်သား အစိုးရ ခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့စည်းဝင် အများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အပေါ် စိုးရိမ်သောက ရောက်ရကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အပြင်းအထန် ပြစ်တင်ရှုတ်ချ။
ဖေဖော်ဝါရီ ၂
-စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြီး တရုတ် ရုရှားတို့၏ သဘောတူညီမှုမရသဖြင့် ကြေညာချက်မထုတ်နိုင်။
-ဖမ်းဆီးထိန်းသိမ်းခံ ရန်ကုန်၊ မန္တလေးတိုင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးတိုင်း၊ ပဲခူး၊ ကရင်၊ ကချင်၊ မွန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ ပြန်လွတ်မြောက်။
-စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မပါဝင်လိုကြောင်းထုတ်ဖော်ပြသတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတချို့ အလုပ်မသွားတာ၊ ဖဲကြိုးနက် တပ်ဆင်လှုပ်ရှားမှုစတင်ပြုလုပ်။
-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ-ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ပါဝင်တဲ့ ၁၁ ဦးပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း။
- စစ်တပ်ကနိုင်ငံတော် အာဏာကို သိမ်းယူလိုက်တဲ့ အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့ခံ လူထုက ည ၈ နာရီမှာ သံပုံးတွေ တီးပြီး ကားဟွန်းတွေတီးကာ ဆန္ဒထုတ်ဖော်။
ဖေဖော်ဝါရီ ၃
-စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဖဲကြိုးနီကမ်ပိန်း စတင်။ စစ်အစိုးရလက်အောက် အလုပ်လုပ်မလုပ်လိုတဲ့ ဆရာဝန်တွေက CDM လှုပ်ရှားမှုကမ်ပိန်းလုပ်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်တွေ ဆန္ဒပြပေမဲ့ အရေးပေါ်လူနာများအားဆက်လက်ကုသပေးမည်ဟု ရန်ကုန်ဆေးရုံကြီးအ ရေးပေါ်ဌာနဆရာဝန်များ ကြေညာ။
-၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပြီး လွှတ်တော်ခေါ်ယူပေးရေးနဲ့ ဖမ်းဆီးခံထား ရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ နေပြည်တော်စည်ပင်ရိပ်သာမှာ ပိတ်မိနေတဲ့ အန်အယ်လ်ဒီ လွှတ်တော် အမတ်တွေက တောင်းဆို။
-နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ၊ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေနဲ့ စစ်ကောင်စီ တရားစွဲ။
ဖေဖော်ဝါရီ ၄
-အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုကို ဖေဖော်ဝါရီ ၇ ရက်အထိ စတင်ကန့်သတ်ပိတ်ပင်။
-မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ကြေညာချက်ထုတ်တောင်းဆို။
-၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အလ်ဒီ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ကျမ်းသစ္စာကျိန်ဆို။
-မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအနည်းဆုံး ၃ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရ
ဖေဖော်ဝါရီ ၅
-စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ပညာရေးဝန်ထမ်းတွေ၊ တခြား ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေဟာ ဖဲကြိုးနီ ကမ်ပိန်းနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်။
-သမ္မတဦးဝင်းမြင့် ခေါင်းဆောင်တဲ့ အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်းနဲ့ အာဏာသိမ်း စစ်အစိုးရဟာ တရားမဝင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကြေညာ။
ဖေဖော်ဝါရီ ၇
-မြို့နယ် ၄၀ ခန့်တွင် ပုဒ်မ ၁၄၄ ထုတ်ပြီး ဆန္ဒပြသူတချို့ကို ဖမ်းဆီး။
ဖေဖော်ဝါရီ ၈
-နိုင်ငံတဝန်း မြို့ပေါင်း ၁၂၀ ကျော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ ။ ရန်ကုန်ဆန္ဒပြပွဲ တတိယနေ့ ပြည်သူသိန်းချီပါဝင် ။ တောင်ကြီးတွင် လူတသိန်းကျော်ဆန္ဒပြ။ ဧရာဝတီတိုင်းတွင် ဝန်ထမ်းများအပါအဝင် မြို့နယ် ၂၀ ကျော်မှ လူတသန်းကျော်ဆန္ဒပြ။ နေပြည်တော်တွင် ဆန္ဒပြသူများကို ရဲက ရေအမြောက်ဖြင့်ပစ်၍ လူများ ဒဏ်ရာရ။
- ရန်ကုန်မှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ ရုံးမတက်လို့ ဘဏ်တွေ ပိတ်ထား။
-အန်အယ်လ်ဒီ ဌာနချုပ်နှင့် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ရုံးတို့ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ပစ္စည်းအချို့ယူသွား။
ဖေဖော်ဝါရီ ၉
-နေပြည်တော် ဆန္ဒပြပွဲမှုတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိပ်နင်းသည့်ဖြစ်စဉ်တွင် အသက် (၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် သည် ဦးခေါင်း သေနတ်ကျည်ဆန်ထိမှန်ပြီး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ တက်ရောက်ကုသခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကွယ်လွန်။
ဖေဖော်ဝါရီ ၁၁
-အာဏာသိမ်း မြန်မာတပ်မတော်ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် ၁၀ ယောက်အပါအဝင် စစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်း ၃ ခုကို သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမိန့်အရ ပိတ်ဆို့ဒဏ်ခတ်အရေးယူ။
-နိုင်ငံတဝန်း ပြည်နယ်/ တိုင်း/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများကို စစ်တပ်က ခေါ်ယူထိန်းသိမ်း။
-မြို့အချို့တွင် CDM လုပ်သူများကို ရဲနှင့်စစ်တပ်က ဝင်ဖမ်း၍ ဒေသခံများက သံပုံးတီးတုံ့ပြန်၊ ဖျက်ဆီးရန်လာသူအချို့ကိုလည်း ဖမ်းမိထား။
ဖေဖော်ဝါရီ ၁၂
-နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၂၃၀၀၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်။
ဖေဖော်ဝါရီ ၁၆
-နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ Video Conferencing နဲ့ ရုံးထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံ ပုဒ်မတခု ထပ်တိုး။
ဖေဖော်ဝါရီ ၁၇
-စစ်အာဏာသိမ်းမှု ၁၇ ရက်မြောက်နေ့အဖြစ် “သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး” လူထု လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်။
နာမည်ကြီး အနုပညာရှင် အကယ်ဒမီ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီးနဲ့ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့ကို အာဏာသိမ်းစစ်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတခုထပ်တိုးကာ တရားစွဲအပြီးတွင် နိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ပြည်သူလူထု လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်။
ဖေဖော်ဝါရီ ၁၉
-မြန်မာတပ်မတော်ခေါင်းဆောင် ၉ ဦးကို ကနေဒါနိုင်ငံက ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ပြီး ယူကေနိုင်ငံက စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးကို ဒဏ်ခတ်အရေးယူ။
-နေပြည်တော်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် အသက် ၁၉ နှစ် ကွယ်လွန်။
- အထွေထွေသပိတ်ကော်မတီကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်း
ဖေဖော်ဝါရီ ၂၀
-မန္တလေးမြို့ ၊ ရတနာပုံသင်္ဘောကျင်းအနီး ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွဲရာ သေနတ်ကျည်မှန်ပြီး ၂ ဦး သေဆုံးကာ ပြည်သူ အနည်းဆုံး ၄၅ ဦးကျော်ဒဏ် ရာရ ၊၂၀ ကျော် ဖမ်းဆီးခံရ။
ဖေဖော်ဝါရီ ၂၂
-စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံးလူထုလှုပ်ရှားမှုအဖြစ် တနိုင်ငံလုံးရှိ မြို့ နယ်ပေါင်း ၂၄၇ ခု ၊ မြို့ပေါင်း ၃၀၆ မြို့မှာ ပြည်သူသန်း ၂၉ လောက် ပါဝင်ဆန္ဒပြကြောင်း အွန်လိုင်းမှ ပြုလုပ်တဲ့ လူထုစစ်တမ်းက ဖော်ပြ။ ရန်ကုန်တွင် ပြည်သူ ၃ သန်းခန့် ပါဝင်ဆန္ဒပြ။
ဖေဖော်ဝါရီ ၂၃
ဖေဖော်ဝါရီ ၂၄
-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်ကို နေ့ချင်းပြန်လာရောက်မည့်ခရီးစဉ် ဖျက်သိမ်း။
-မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံသို့ သွားရောက် ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း အလွတ်သဘော တွေ့ဆုံ။
-အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖျက်သိမ်း။
ဖေဖော်ဝါရီ ၂၅
-ရန်ကုန်တွင် တပ်မတော်ထောက်ခံဆန္ဒပြသူများက ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်၊ ပစ္စည်းလု၊ ကားမှန်များကို ရိုက်ခွဲဖျက်ဆီး။
-မြန်မာ့တပ်မတော်နဲ့ တပ်မတော် စီမံမှုအောက်မှာရှိတဲ့ အစိုးရအဖွဲ့အစည်း၊ သတင်း ပြန်ကြားရေး အဖွဲ့အစည်းများကို Facebook နဲ့ Instagram မှာ တားမြစ်ပိတ်ပင်လိုက်ပြီး တပ်မတော် စီးပွားရေးလုပ်ငန်းများရဲ့ ကြော်ငြာခွင့်ကိုပါ ပိတ်ပင်လိုက်တယ်လို့ Facebook က ကြေညာ
ဖေဖော်ဝါရီ ၂၆
-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်ကောင်စီကို အပြင်းထန်းဆုံ အရေးယူရန် အပါအဝင် အချက်ခြောက်ချက်ကို နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ နိုင်ငံတကာသို့တောင်းဆို။ ဒီချုပ်အစိုးရခန့်အပ်သော သံအမတ်ကြီးအဖြစ် သမိုင်းဝင် မိန့်ခွန်းပြောသွားပြီး ပြည်သူနှင့်အတူရပ်တည်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်။
-မြန်မာနိုင်ငံ၌ ဒီမိုကရေစီကာကွယ်ရေးအက်ဥပဒေကို အမေရိကန်လွှတ်တော်သို့တင်သွင်း ။
-အာဏာသိမ်းစစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့်ရပ်ဆိုင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ၆ ဦးကို ယူကေက ပိတ်ဆို့ဒဏ်ခတ်။
ဖေဖော်ဝါရီ ၂၈ ရက်
-စစ်အာဏာရှင်ဆန့်ကျင်ရေး Milk Tea Alliance လှုပ်ရှားမှုကို မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်တို့၌ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဟောင်ကောင်နှင့် အိန္ဒိယတို့၌ အွန်လိုင်းမှလှုပ်ရှားမှုပြုလုပ်။
-ပုဂ္ဂလိကဘဏ်များ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးရန် ဗဟိုဘဏ်ညွှန်ကြား။ မတ်လ ၁ ရက် နေ့မှစ၍ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်ထားသူများသည် တစ်ဦးလျှင် တစ်ပတ်အတွင်း သိန်း ၂၀ ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုလျှင် တစ်ပတ်အတွင်း ကျပ် သိန်း ၂၀၀ အများဆုံး ထုတ်ယူခွင့်ပြုမည်။ ATM စက်များမှ တစ်ရက်လျှင်ကျပ် ၅ သိန်း သာထုတ်ယူခွင့်ရမည်ဖြစ်သည် ။
မတ်လ
မတ် ၁
-သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့ကို ပုဒ်မ ၅၀၅(ခ) ထပ်တိုး၊ အတိုင်ပင်ခံကို ဆက်သွယ်ရေးပုဒ်မတခုထပ်တိုး။
မတ် ၃
-ရန်ကုန်အပြင် ၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မော်လမြိုင်နဲ့ စလင်းမြို့တွေမှာလည်းမြန်မာနိုင်ငံ၌ ဆန္ဒပြ ပြည်သူများကို ရဲနှင့် စစ်တပ်က အကြမ်းဖက်ပစ်ခတ်သဖြင့် မတ်လ ၃ ရက်နေ့ တရက်တည်း သေဆုံးသူ ၃၈ ဦးရှိဟု ကုလသမဂ္ဂပြော
မတ် ၈
-DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းတယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာ။
-အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်လုပ်မယ် ဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က သတိပေး။
မတ် ၁၀
-မြောက်ဥက္ကလာပ သပိတ်ကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်း၊ ၂၀၀ ကျော်ဖမ်းခံရ၊ ပြင်သစ်သံအမတ် အင်းစိန်ထောင်သွားပြီး နိုင်ကျဉ်းအားလုံး လွှတ်ပေးရန်တောင်းဆို။
မတ် ၁၁
-ရက္ခိုင့်တပ်တော်(အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အာဏာသိမ်းစစ်ကောင်စီကြေညာ။
-ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပိုလန်နိုင်ငံသား ဂျာနယ်လစ်တယောက်ကို အာဏာသိမ်း မြန်မာစစ်တပ်က ဖမ်းဆီး
မတ် ၁၄
-ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်မှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၂၀ သေဆုံး၊ မတ် ၁၄ တရက်တည်းမှာတင် ၃၈ ယောက်နဲ့ စုစုပေါင်း ကျဆုံးသူ ၁၂၆ ယောက်ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်။
-မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုနေတာတွေကို ဆန့်ကျင်ဖီဆန်ပြီး နိုင်ငံတွင်း သွေးထွက်သံယိုမှုတွေ၊ သေကျေဒဏ်ရာရတာတွေဖြစ်အောင် ဆက်လုပ်နေတဲ့အပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုတ်ချ။
မတ် ၁၇
-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ကြေညာ
မတ် ၂၃
-စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူငယ် ရာနဲ့ချီကို အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေး။
မတ် ၂၄
-သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တညီတည်း ဆုံးဖြတ်အတည်ပြု။
မတ် ၂၆
-ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေထဲကမှ လူ ၃၀၀ ကျော်ကို ဒီနေ့ မတ် ၂၆ ရက် ညနေပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေး။
မတ် ၂၇
- ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း အမေရိကန်သံရုံးက အတည်ပြု။
-၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တံခါးပိတ်ပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာ။
ဧပြီလ
ဧပြီ
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးထုတ်မှာ ပုဒ်မ ၅၀၅(ဂ) နဲ့ အမှုတပ်။
-ပဲခူးမြို့မှာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးတဲ့ အရပ်သားပြည်သူ ၈၂ ယောက်ရှိ။
ဧပြီ ၁၅
-မုံရွာမြို့မှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ တခြားဆန္ဒပြသူတစ်ဦးတို့ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တင်တွေက ကားနဲ့ဝင်တိုက်ကာ အကြမ်းဖက်ဖမ်းဆီး။
ဧပြီ ၁၇
အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာ။ NUG အစိုးကအဖွဲ့မှာ နိုင်ငံတော် ဒုတိယသမ္မတ အဖြစ် ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဖွဲ့စည်း။
ဧပြီ ၂၂
-အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က စာပေးပို့ အကြောင်းကြား။
ဧပြီ ၂၄
-တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ယာယီမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းနဲ့ပြည်နယ် အထွေထွေ သပိတ် ကော်မတီတွေက မေတ္တာရပ်ခံစာထုတ်ပြန်။
-အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအထူးအစည်းအဝေး တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျာကာတာမြို့မှာ ရောက်ရှိ။ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်အာဆီယံကြေညာ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး မပါဝင်။
ဧပြီ ၂၅
- စစ်ကောင်စီကို တိုက်ခိုက်ဖို့ ချင်းလက်နက်ကိုင်အဖွဲ့ Chinland Defense Force (CDF) ဖွဲ့စည်း
မေလ
မေ ၅
-ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို တရားဝင်ဖွဲ့ စည်းကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာ။
မေ ၆
-ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို တော်လှန်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ဒုစစ်ဉီးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်း
မေ ၉
-စစ်ကိုင်းတိုင်း၊ ပုလဲမြို့သပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ ကိုဇော်ထွန်း(ခ)ကိုခက်သီဟာ မေလ ၈ ရက်နေ့ညက ဖမ်းဆီးခံရပြီး ဒီကနေ့ မေလ ၉ ရက် နေ့လယ်ပိုင်းမှာ သေဆုံး။
ဇွန်လ
-ပြင်ဦးလွင်မြို့နယ်မှာ တပ်မတော်လေယာဉ် ပျက်ကျပြီး ဒေါက်တာဘဒ္ဒန္တ ကဝိသာရ၊ အလှူရှင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် ၁၂ ယောက်သေဆုံးပြီး ၂ ယောက် အသက်ရှင်။
ဇွန် ၁၁
-ဂျပန်အထက်လွှတ်တော် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အမြန်ဆုံး ပြန်လည်ပေါ်ပေါက်ဖို့အတွက် တောင်းဆိုတဲ့ဆုံးဖြတ်ချက်အဆိုကို လွှတ်တော်အမတ်တွေက တညီတညွတ်တည်းထောက်ခံ အတည်ပြု။
ဇွန် ၁၆
-စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ပေါက်မြို့နယ် ကင်းမရွာကို ဇွန် ၁၆ ရက်ညက တိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့လို့ သက်ကြီးရွယ်အို အနည်းဆုံး ၂ ယောက် သေဆုံး။
ဇူလိုင် ၁၆
ရန်ကုန်မြို့က သုသာန်လေးခုမှာ တစ်ရက်ကို လူသေရုပ်အလောင်း ၆၀၀ ကျော် သင်္ဂြိုလ်ပေးနေရပြီး အခေါင်းနဲ့ အလောင်းတင်တဲ့ကတ်တွေ ဝယ်လို့မရတဲ့အထိပြတ်လပ် ဈေးတက်နေ။
ဇူလိုင် ၂၀
အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရန်ကုန်မြို့ ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကွယ်လွန်။
ဇူလိုင် ၂၆
၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ။
ဩဂုတ်လ
ဩဂုတ် ၁ရက်
အာဏာသိမ်းစစ်ကောင်စီဟာ အိမ်စောင့်အစိုးရအဖြစ် ထပ်မံဖွဲ့စည်းကြောင်း ကြေညာ။ စစ်ကောင်စီခေါင်းဆောင်ကိုလည်း ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း ဝန်ကြီးဌာနတွေ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း။
ဩဂုတ် ၁၀
-ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အောက်ဘလောက်မှာ ဒီနေ့ ညနေက ဆန္ဒပြတဲ့ လူငယ်တွေဆိုပြီး စစ်ကောင်စီလက်နက်ကိုင်တပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူငယ် ၅ ဦး တိုက်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာနဲ့ ဖမ်းဆီးခံရ။
ဩဂုတ် ၁၅
-NUG က အောင်လံလွှင့်ချီ နွေဦးထီ စတင်ရောင်းချ။
စက်တင်ဘာလ
စက်တင်ဘာလ ၇
နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာလိုက်ပါတယ်။
စက်တင်ဘာ ၁၆ ရက်
-ထန်တလန်မြို့မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ထန်တလန်မြို့က ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ခြိမ်းခြောက်ခဲ့တာ ကြောင့် ရက်ပိုင်းအတွင်း မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပါတယ်။
အောက်တိုဘာလ
အောက်တိုဘာ ၁
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု အတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပထမဆုံးအကြိမ် တရားရုံးမှာ ထွက်ဆို။
-စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် ဖမ်းဆီးတရားစွဲခံထားရသူတွေထဲက အကျဉ်းသား ၂၀၀ နီးပါးကို အင်းစိန်ထောင်ကနေ ပြန်လွှတ်။
အောက်တိုဘာ ၄
ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးချိန်းမှာ တုံ့ပြန်။
အောက်တိုဘာ ၆
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သစ်ကို စစ်ရေယာဉ် ၄ စီးနဲ့ စတင်ဖွဲ့စည်းကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာ။
အောက်တိုဘာ ၈
-မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံအားပေးဖို့ ဥရောပ ပါလီမန်က ဆုံးဖြတ်။
အောက်တိုဘာ ၁၆
-အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံတက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ထုတ်ပြန်။
အောက်တိုဘာ ၂၃
-၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဂျင်မီ ဖမ်းဆီးခံရ
အောက်တိုဘာ ၂၅
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် မစ္စခရစ္စတင်းဘာဂီနာနေရာမှာ စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စ နိုလင်း ဟေဇာကိုခန့်အပ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာ။
အောက်တိုဘာ ၂၆
-နေပြည်တော်က လေကြောင်းကာကွယ်ရေးတပ်ရင်းနှင့် ဌာနချုပ်တို့ ဗုံးခွဲတိုက်ခိုက်ခံရ။
-မြန်မာကိုယ်စားလှယ်မပါဝင်ဘဲ အာဆီယံထိပ်သီး အစည်းအဝေးစတင်ကျင်းပ
အောက်တိုဘာ ၂၉
-ချက်သမ္မတနိုင်ငံတွင် NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်။
-NLD နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်။
-ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း
နိုဝင်ဘာလ
နိုဝင်ဘာ ၂
-အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ကိုဗစ် -၁၉ ကာကွယ်ဆေးကိစ္စဆွေးနွေး
နိုဝင်ဘာ ၁၂
-အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်။
-ကရင်နီဒေသတွင် ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီး၊
နိုဝင်ဘာ ၁၅
-နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ပြန်လွှတ်ပေး။
နိုဝင်ဘာ ၁၆
-သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ၁၆ ဦးကို စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်က တရားစွဲ
နိုဝင်ဘာ ၁၈
-ရေစကြိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ရဲစခန်းမီးရှို့ခံရ၊ ရဟတ်ယာဉ်ပျံဝဲ စစ်ကူစေလွှတ်
-ရန်ကုန်တိုင်းတွင် PDF ၅၀ ခန့် ဖမ်းမိဟု စစ်ကောင်စီကြေညာ
နိုဝင်ဘာ ၁၉
-အန်အယ်လ်ဒီအမတ် ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ဖမ်းဆီး။
နိုဝင်ဘာ ၂၂
-NUG က အထူးငွေတိုက်စာချုပ်များ စတင်ရောင်းချ
နိုဝင်ဘာ ၂၇
- ဒီပဲယင်းမြို့နယ်၌ စစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊ မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်
-မြန်မာ့အရေးကို အထူးစိုးရိမ်ဟု ASEM ထိပ်သီးအစည်းအဝေးကြေညာ
နိုဝင်ဘာ ၂၈
-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင် နှလုံးရောဂါဖြင့် ကွယ်လွန်
ဒီဇင်ဘာလ
ဒီဇင်ဘာ ၅
-အန်အယ်လ်ဒီနာယက ဦးတင်ဦးနှင့် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဦးခင်ညွှန့်တို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ရန်ကုန်မှာ သွားရောက်တွေ့ဆုံ။
-ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ပစ်ခတ် ဖြိုခွင်း။
ဒီဇင်ဘာ ၆
-သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ထောင်ဒဏ် ၄ နှစ်ဆီချမှတ်ပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေးဟု စစ်ကောင်စီ ကြေညာ
-ရန်ကုန်က မြို့နယ်တချို့တွင် သံပုံးတီးသပိတ် ပြန်လည်ဆင်နွှဲ
ဒီဇင်ဘာ ၇
-စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာအနီးတွင် စစ်ကောင်စီက ရွာသားများကို ရက်ရက်စက်စက် သတ်ဖြတ်။
-ရိုဟင်ဂျာဒုက္ခသည်များက ဖေ့စ်ဘွတ်ကုမ္ပဏီကို တရားစွဲ
ဒီဇင်ဘာ ၈
-Mytel အပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖေ့စ်ဘွတ်ခ်က စတင်ဖယ်ရှား
ဒီဇင်ဘာ ၁၀
-Silent Strike သပိတ်နေ့၊ တနိုင်ငံလုံးအနှံ့ ဈေး၊ ဆိုင် အများအပြားပိတ်၊ လူသွားလူလာနည်းပါး၊ အင်းစိန်ထောင်တွင်းတွင်လည်း နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ
ဒီဇင်ဘာ ၁၁
-မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့နှင့် စစ်ရုံး ၃ ခုကို ယူကေ၊ အမေရိကန်နှင့် ကနေဒါက ပိတ်ဆို့ဒဏ်ခတ်
ဒီဇင်ဘာ ၁၄
-လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ၊ လွှတ်တော်အမတ် အပါအဝင် ၂၀ ကျော်ခန့်ကို ဖမ်းဆီး။
ဒီဇင်ဘာ ၁၅
-လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲစဖြစ်၊ ဒေသခံထောင်ချီ တိမ်းရှောင်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ
ဒီဇင်ဘာ ၁၇
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံဝတ်ဆင်စေပြီး ရုံးထုတ်
ဒီဇင်ဘာ ၂၀
-လေကြောင်းပျံသန်းမှုကင်းဇုန် သတ်မှတ်ရန် ကုလသမဂ္ဂကို ကေအန်ယူ တောင်းဆို
-မြဝတီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိအပါ ၅၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
-နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကို စစ်ကောင်စီက ဆက်ဖွင့်ခွင့်မပြု
ဒီဇင်ဘာ ၂၄
-ဖရူဆိုတွင် စစ်ဘေးရှောင်ပြည်သူ ၄၀ နီးပါးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်
====
၂၀၂၂
ဇန်နဝါရီ
-စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အန်အယ်လ်ဒီပါတီ တိုင်းရုံးကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်း ၁ နာရီလောက်က ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။
-ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဇန်နဝါရီ ၇ ရက် မနက်မှာ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
-နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တဲ့ ၁ နှစ်ပြည့်ဖို့ တရက်အလို ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ယူပြီး စစ်တပ်အာဏာသိမ်း သက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုး။
ဖေဖော်ဝါရီ
-ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ရဲ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက် မနက်မှာ ကွယ်လွန်သွားပါတယ်။
မတ်လ
-ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ ကြေညာပါတယ်။
-ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ယောက်ကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း စစ်ကောင်စီ ပြန်ကြားရေးက မတ်လ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
-အဆိုတော် ဆောင်းဦးလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး ၊ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်(ခ) ပြည်သစ်ညွန့်ဝေတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီပြန်ကြားရေးက မတ်လ ၇ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။
-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။
-အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးမြအေးကို စစ်ကောင်စီထောင်တွင်းတရားရုံးက မတ်လ ၁၀ ရက်နေ့မှာ ပုဒ် ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။
-သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို စစ်ကောင်စီက အဂတိမှု ၄ မှုနဲ့ တရားစွဲပြီး စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ မတ် ၁၄ ရက်က အမိန့်ချမှတ်လိုက်ပြီး Ford Everest Titanium မော်တော်ယာဉ် တစီး၊ ငွေကျပ် သိန်း ၁၀၀ နဲ့ ရွှေပန်းကန်ပြားတို့ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေဖို့ အမိန့်ချပါတယ်။
-စစ်ခုံရုံးက မတ် ၁၇ ရက်နေ့မှာ ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနက ကျောင်းသူ မဆောင်းလေပြေ (ခ) ဇူဇူးကို သေဒဏ်ချမှတ်လိုက်ပြီး မြန်မာမှုဌာနက ကိုနိုင်အောင်(ခ)Snake ကို ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ လှိုင်သာယာက လူငယ် ၃ ယောက်နဲ့ မြောက်ဥက္ကလာပက ၄ ယောက်တို့ကိုလည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။
-မြန်မာနိုင်ငံရဲ့ ထိပ်တန်းခရိုနီတဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဇေကမ္ဘာ ကုမ္ပဏီအနေနဲ့ စစ်တပ်မြေကို ငှားရမ်းအသုံးပြုပြီး စာချုပ်ပါအတိုင်း ငှားရမ်းခ ပေးဆောင်ဖို့ ကျန်တာကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ မတ်လ ၃၁ ရက်မှာ ထောင်ဒဏ် ၂ နှစ်ထပ်ချလို့ စုစုပေါင်း ၅ နှစ်ဖြစ်သွားပါတယ်။
-နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ်လို့ ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဧပြီ
-အဆိုတော် ကျားပေါက်၊ သရုပ်ဆောင် ဒေါင်းနဲ့ ဦးကျော်မိုးထွန်း အပါအဝင် ၁၇ ယောက် ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ကနေ ဧပြီ ၁ ရက်နေ့ ည ၈ နာရီသတင်းမှာကြေညာ။
-မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုအပါအဝင် တခြားစွဲချက်တွေနဲ့ စွပ်စွဲပြီး ဧပြီ ၈ ရက်မှာ မကွေးထောင်အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တာကြောင့် စုစုပေါင်း ၂၃ နှစ်ဖြစ်သွားပါတယ်။
-ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် အသက် ၇၉ နှစ်အရွယ် ဦးခွန်ထွန်းဦးဟာ ဧပြီ ၃၀ ရက် နေ့လယ်က ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
မေ
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲပြီး မေ ၁၆ ရက်က ထောင်ဒဏ် ၂၁ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။
-ဝါရင့်နိုင်ငံရေးသမားကြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေဟာ မေလ ၁၈ ရက် ည ၇ နာရီလောက်က ကွယ်လွန်သွားပါတယ်၊
-သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး အသက် ၅၀ နှစ်ဟာ မေ ၂၃ ရက် မနက်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
-အင်းစိန်ထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ရဲတိုက်ကို ထောင်တွင်းအထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ဖြစ်သွားပါတယ်။
ဇွန်
-မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ စစ်အုပ်စုအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုနဲ့စွဲချက်တင်နိုင်ဖို့ တူရကီ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့က ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
-စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၇ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-ကျပ်သိန်းထောင်ချီလာဘ်စားခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့မှုအတွက် စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ဇွန် ၁၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်လိုက်ပါတယ်။
-အာဏာသိမ်းစစ်ကောင်စီရဲ့ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၂၂ ရက်မှာ နေပြည်တော် အချုပ်ထောင်ဝင်းထဲက သီးသန့်အဆောက်အဦတခုကို ပြောင်းရွှေ့။
ဇူလိုင်
-အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအသစ်ကို လုံးဝ အသိအမှတ်မပြု လက်မခံတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် ကော်မတီက ဇူလိုင် ၉ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
-သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင် လုပ်ထုံး လုပ်နည်းတွေ အတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) မှာ တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အားလုံးကို တညီတညွတ်တည်း ပယ်ချကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက ဇူလိုင် ၂၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဩဂုတ်
-အာဏာသိမ်း စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီး နိုင်ငံတဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို ဩဂုတ် ၁ ရက်ကနေ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ကြေညာပါတယ်။
-အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ဩဂုတ်လ ၁၇ ရက်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့စဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုထက်ပိုမိုအရေးယူနိုင်ပေမဲ့ သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောကြား။
စက်တင်ဘာ
-မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို စက်တင်ဘာ ၂ ရက် မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။
-ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ဆိပ်ကမ်းမြို့မှာ စက်တင်ဘာ ၇ ရက်က ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။
-စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် အနည်းဆုံး ကလေး ၄ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရ ကလေးငယ် ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။
-မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို အင်းစိန်အကျဉ်းထောင်ရှိ စစ်ခုံရုံးကနေ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။
-ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ရန်ကုန်-လွိုင်ကော်ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
-ရန်ကုန်တိုင်းမြို့နယ်အချို့မှာ စက်တင်တာဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ် (ငြိမ်း) အပါအဝင် ၁၆ ယောက် သေဆုံး၊ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ
-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment ကို အောက်တိုဘာ ၁ ရက်က စ တင်ရောင်းချနေရာမှာ နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်းကျော်ဖိုး ရောင်းရ။
-နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အရင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်းသန်းဌေးကို တာဝန်ကနေ ရပ်ဆိုင်းပြီး ဗိုလ်မှူးချုပ်ဟောင်းခင်ရီကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပါတယ်။
-ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် အဝင်အထွက်ဂိတ်ပေါက် အတွင်းနဲ့အပြင်မှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်လို့ ၈ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့လည်း ပါဝင်ပါတယ်။
-အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ တေးဂီတဖျော်ဖြေပွဲပြုလုပ်ချိန် စစ်ကောင်စီလေတပ်က တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကေအိုင်အေ တပ်မဟာ-၉ ဗျူဟာမှူး အပါအဝင် ဗိုလ်မှူးအဆင့်အရာရှိတွေ၊ တပ်ရင်း-၆ က တပ်ရင်းမှူးနဲ့ ပြည်သူများသေဆုံး။
-သြစတြေးလျနိုင်ငံသားရှောင်တာနယ်အမှုတွဲပါ စီမံဘဏ္ဍာ၀န်ကြီး ဦးစိုး၀င်း အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လည်လွတ်မြောက်။
နိုဝင်ဘာ
-အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ် အကျဉ်းသား ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချိုနဲ့ NLDပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်။
-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်၊ မြို့တော်ဝါရှင်တန်ဒီစီမြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့ ဖွင့်လှစ်။
ဒီဇင်ဘာ
-ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက မန္တလေးလေဆိပ်မှာ စစ်ကောင်စီ တပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ကာ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပြန်ဖမ်း။
-နှင်းဆီပါတီလို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်။
-ရန်ကုန်၊ ပန်းဆိုးတန်းနဲ့ ဒလဘက်ကို ပြေးဆွဲနေတဲ့ အမှတ် ၂ ချယ်ရီ ကူးတို့ သင်္ဘောပေါ်မှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ဗုံးပေါက်ကွဲလို့ လူ ၁၇ ယောက် ဒဏ်ရာရသွားပြီး အဲဒီထဲက ၅ ယောက် သေဆုံးသွားပါတယ်။
-နိုင်ငံတဝန်း အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီ အကန့်အသတ်အထိန်းအချုပ်မရှိခွင့်ပြုဖို့ စတာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်။
-မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတရပ်ကို ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက်က ထိုင်းအစိုးရက စီစဉ်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံနိုင်ငံတွေအပြင် တခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ ဖိတ်ကြားခဲ့ပေမယ့် အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံအများစုက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
-ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်မှာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချ။
-၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူတို့ကို ကျိုက်မရောအကျဉ်းထောင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ချမှတ်လိုက်ပါတယ်။
-မြန်မာနဲ့ ယူကရိန်းကို အကူညီပေးဖို့ပါဝင်တဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA 2023 ) ကို အမေရိကန် သမ္မတ ဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။
-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၇ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
-ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော် အချုပ်ထောင် အထူးသီးသန့်တရားရုံးက ထောင်ဒဏ် ၇ နှစ် အမိန့်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၉ မှုအတွက် ကျခံရမယ့်ထောင်ဒဏ်ဟာ စုစုပေါင်း ၃၃ နှစ်ရှိလာ။
======
၂၀၂၃
ဇန်နဝါရီ ၁
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒု-စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ မဆလ အာဏာရှင် ဦးနေဝင်း၊ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ ဦးဝီရသူနဲ့ ဒေါက်တာအေးမောင်အပါအဝင် လူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင် ဘွဲ့တွေ ပေးအပ်ပါတယ်။
ဇန်နဝါရီ ၄
-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ခြေစိုက် ခလရ ၃၂၊ ခလရ ၂၈၃၊ ခလရ ၂၈၄ တပ်ရင်းတို့ကို KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ဒီမနက် ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အရာရှိစစ်သည် ရာနဲ့ချီ သေဆုံး။
ဇန်နဝါရီ ၃၁
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ကနေ တိုင်းပြည်အခြေအနေ သာမန်မဟုတ်လို့ ဆုံးဖြတ်ပြီး စစ်ကောင်စီကို ၆ လ သက်တမ်း ထပ်တိုးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁
-စစ်အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်မှာ ရန်ကုန်နဲ့ မြို့နယ်အများအပြား ပြည်သူတွေ ပူးပေါင်းပါဝင်ကြပါတယ်။
ဖေဖော်ဝါရီ ၂
တော်လှန်ရေးပြင်းထန်နေတဲ့ ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
မတ် ၁
စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးပြီး ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် အပါအဝင် ရွာသား ၁၇ ယောက်ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။
မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ရွာမှာ ဘုန်းကြီး ၃ ပါးနဲ့ လူအယောက် ၃၀ ကို စစ်တပ်က အစုအပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။
မတ် ၂၂
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (မိုင်းလား-NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ် အဖွဲ့တို့ နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတွေ ဆွေးနွေး သဘောတူ။
မတ် ၂၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ။
မတ် ၂၉
စစ်ကောင်စီကော်မရှင်အနေနဲ့ ပါတီဖျက်သိမ်းခွင့်လုံးဝမရှိ၊ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့ အန်အယ်လ်ဒီပါတီက ကြေညာ။
ဧပြီ ၁၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ဒီနေ့ မနက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၄၀ အပါအဝင် ၁၆၈ ယောက် သေဆုံး။
ဧပြီ ၁၃
တိုင်းမ်မဂ္ဂဇင်းက ၂၀၂၃ ခုနှစ်အတွက်ရွေးချယ်ထားတဲ့ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နာမည်ဆိုးနဲ့ ကျော်ကြားသူအဖြစ်ဖော်ပြ။
မေ ၃
မြန်မာပြည်တွင်း အကျဉ်းထောင်တွေထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၈ ယောက်ကို ထောင်ဒဏ်တသက်အဖြစ် ပြောင်းလဲကျခံစေလိုက်တယ်လို့ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ပါတယ်။
မေ ၁၀
ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင် ခရိုင်၊ ထန်းတပင်မြို့နယ်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာကျေးရွာသား ၁၉ ယောက် ထက်မနည်း အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
မေ ၁၄
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ရခိုင်ပြည်နယ်ကို ဦးတည် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းနဲ့ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၄၅၅ ယောက်ရှိ။
မေ ၁၉
ဖမ်းဆီးခံထားရတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ထပ်ချ လိုက်တာကြောင့် ကျခံနေရတဲ့ စုစုပေါင်းထောင်ဒဏ် ၅၂ နှစ်ထိ ရှိလာပါတယ်။
မေ ၂၅
မန္တလေးမြို့ တောင်ပြင်ဗန်းမော်တိုက်မှာ သီတင်းသုံးတော်မူတဲ့ နိုင်ငံတော် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ည ၁၁ နာရီ ၁၁ မိနစ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ဇွန် ၁
-ညီနောင်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA အဖွဲ့တို့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ တွေ့ဆုံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းပေးရေး၊ ဖမ်းဆီးထားသူတွေလွှတ်ပေးရေးနဲ့ မတရားအသင်း အဖြစ်မှပယ်ဖျက်ပေးရေး ဆွေးနွေး။
ဇွန် ၁၂
လက်ရှိတော်လှန်ရေးကာလကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ကိုယ်ပိုင်စီမံအုပ်ချုပ်ရေးစနစ်ကို အစပျိုးလက်တွေ့အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၆ ဦးနဲ့ စတင်ဖွဲ့စည်းကြောင်း ကြေညာ။
ဇွန် ၁၉
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ကို နိုင်ငံအနှံ့အပြားမှာ ဒီနေ့ပြုလုပ်ခဲ့ပြီး ပန်းပန်သူတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ ပန်းပန်တဲ့ ဓာတ်ပုံတင်သူ အများအပြားကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဇူလိုင် ၁
အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဇူလိုင် ၉ ရက်
ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန် တနာရီခွဲလောက်ကြာတွေ့ဆုံ။
ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်နေ့ ည ၂ နာရီကျော်မှာ ဝင်ရောက်စီးနင်းပြီး PDF တပ်ဖွဲ့ဝင်တချို့နဲ့ ကလေး ၃ ယောက် အပါအဝင် ရွာသား ၁၄ ယောက်ကို ဖမ်းဆီးသတ်ဖြတ်။
ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး စစ်ကောင်စီတပ်စွဲထားတဲ့ မဟာဗျူဟာကျတဲ့ လက်ခတ်တောင်စခန်းကုန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်။
ဇူလိုင် ၃၁
-ဆင်ဖြူတော် ရဌနန္ဒက ၁ နှစ်ပြည့်အထိမ်းအမှတ်နဲ့ ကျပ် ၂၀,၀၀၀ ကျပ် ငွေစက္ကူတွေကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ဝေပါတယ်။
-စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးပါတယ်။ ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်ပြီး အေးချမ်းမှ ပြန်လည်ကျင်းပပြီး အရပ်သားအစိုးရကို အာဏာလွှဲပေးမယ်လို့ အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ် ၁
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကို လျှော့ပေးလိုက်ပြီး နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၇,၇၄၉ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ စစ်ကောင်စီက ကြေညာ။
ဒေါ်အောင်ဆန်းစုကြည်ကျခံနေရတဲ့ အမှု ၁၉ မှုထဲကနေ ၅ မှုကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သလို သမ္မတ ဦးဝင်းမြင့်ရဲ့ အမှု ၈ မှုထဲကနေ ၂ မှုကို လွတ်ငြိမ်းခွင့်ပေး။
ဩဂုတ် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၈ ယောက်နဲ့ ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးအပါအဝင် ၁၀ ယောက် အနားပေး ခံရ။
ဩဂုတ် ၃
ပြည်ထောင်စုအစိုးအဖွဲ့ကို စစ်ဘက်အရပ်ဘက်လူပုဂ္ဂိုလ် ၃၂ ယောက်နဲ့ ထပ်မံ ပြင်ဆင်ဖွဲ့စည်းတယ်လို့ ကြေညာ။
ဩဂုတ် ၈
၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အထိမ်းအမှတ် တနိုင်ငံလုံးနဲ့ နိုင်ငံတကာရောက် မြန်မာတွေ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ။
ဩဂုတ် ၂၅
ရန်ကုန်မှာရှိတဲ့ အရှေ့တီမောနိုင်ငံ(တီမောလက်စ်တေ) သံရုံးက ယာယီတာဝန်ခံကို လာမယ့် စက်တင်ဘာ ၁ ရက် မတိုင်ခင် မြန်မာနိုင်ငံကနေ ထွက်သွားဖို့ စစ်ကောင်စီက သံတမန်စာထုတ်။
စက်တင်ဘာ ၃
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဒီနေ့ ကျင်းပတဲ့ ၂၀၂၃ အာဆီယံ အရပ်ဘက် အဖွဲ့အစည်း ညီလာခံ/ အာဆီယံ လူထုဖိုရမ် (ACSC/APF)မှာ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ် ကြေညာလိုက်ပါတယ်။
စက်တင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ‘ဝ’ ပြည်အုပ်ချုပ်ရေးအဖွဲ့က တရုတ်နိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
စက်တင်ဘာ ၂၅
စစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖယ်ရှား။
အောက်တိုဘာ ၉
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO\KIA) ဌာနချုပ် လိုင်ဇာနားက မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို ဒီနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ် ၁၃ ယောက်အပါအဝင် အရပ်သားပြည်သူ အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၀
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက ထုတ်ပယ်ပြီးတဲ့နောက် စစ်ခုံရုံးနဲ့စစ်ဆေးပြီး ထောင်ဒဏ် နှစ် ၂၀ နဲ့ ညီမျှတဲ့ တသက်တကျွန်း ပြစ်ဒဏ်ချ။
အောက်တိုဘာ ၂၇
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နဲ့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက်။
အောက်တိုဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ရန်ကုန်၊ အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက်က သူ့နေအိမ်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီး။
အောက်တိုဘာ ၃၁
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာ ဝမ်ရှောက်ဟုန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိစ္စ၊ နယ်စပ်ရှိ အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းက ခရိုင်မြို့ကြီးတမြို့ဖြစ်တဲ့ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက အလံဖြူထောင်ပြီး အညံ့ခံခဲ့ကြပါတယ်။
နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF ) က သိမ်းပိုက်။
နိုဝင်ဘာ ၈
ရှမ်းပြည်မြောက်ပိုင်းမှာ မြို့ ၃ မြို့နဲ့ တပ်စခန်းပေါင်း ၁၀၀ ကျော်လောက် သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပ။
နိုဝင်ဘာ ၁၀
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူးလုပ်ပိုင်ခွင့် မလျော်ဩဇာသုံးမှု၊ အဂတိလိုက်စားမှုနဲ့ စစ်တရားရုံးက ထောင် ၅ နှစ် ချ။
နိုဝင်ဘာ ၁၁
-တစ်လေးလုံးလှုပ်ရှားမှုနေ့မှာ ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝန်းမြို့တွေမှာ အောင်သပြေပန်းတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်။
-ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ နန့်မယ်ခုံက စစ်ကောင်စီ တပ်စခန်းတွေကို (11.11 Operation) ၁၁၁၁ စစ်ဆင်ရေး အနေနဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်စခန်း ၇ ခုအပြင် တိုက်လေယာဉ် ၁ စင်းကို ပစ်ချနိုင်။
နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်မှာ တကျော့ပြန်စစ်ပွဲပြန်စ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မောင်တော၊ မြောက်ဦး စတဲ့ မြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက်ပြီး တပ်စခန်းတချို့ သိမ်းပိုက်ရရှိသလို စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းအားလုံး ပိတ်ဆို့လိုက်ပါတယ်။
နိုဝင်ဘာ ၁၇
ကရင်နီ (ကယား)ပြည်နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး “ကရင်နီပြည်နယ် ကြားကာလလွှတ်တော်” လို့ ပြောင်းလဲခေါ်ဆို ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ထုတ်ပြန်။
နိုဝင်ဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နဲ့ လောက်ကိုင်မြို့ကြားက ကုန်းကြမ်းမြို့အခြေစိုက် အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတရင်းလုံး ကိုးကန့်တပ်ဖွဲ့ MNDAA ဆီ အလံဖြူထောင်ပြီး အလင်းဝင်။
နိုဝင်ဘာ ၂၉
-ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အလုံခရိုင်တရားသူကြီးက ပုဒ်မ ၁၂၄(ဃ)၊ ပုဒ်မ ၅၀၅(က) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်။
-နယ်မြေစိုးမိုးရေးအငြင်းပွားပြီး ပစ်ခတ်ခဲ့ကြတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် RCSS/SSA တို့ဟာ အပစ်ခတ်ရပ်စဲလိုက်ကြောင်း ပူးတွဲထုတ်ပြန် ကြေညာပါတယ်။
ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ မုန်းမြို့ပေါ်ရှိ အာဏာသိမ်းကောင်စီတပ်စခန်းအားလုံးကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီလို့ ကေအန်ယူကြေညာ။
ဒီဇင်ဘာ ၁၁
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က တာဝန်ရှိသူတွေဟာ စစ်ကောင်စီကိုယ်စားလှယ်နဲ့ ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေး။
၂၀၂၄
ဇန်နဝါရီ
ဇန်နဝါရီ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်နက်ချသည်။ လောက်ကိုင်မြို့အား MNDAA တပ်ဖွဲ့က သိမ်းပိုက်သည်။
ဇန်နဝါရီ ၅
တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Sun Weidong မြန်မာနိုင်ငံလာရောက် စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ။
လောက်ကိုင်မြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှ ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့ တခြားအဆင့် ၂၀၀၀ နီးပါး ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ။
ဇန်နဝါရီ ၇
ကွတ်ခိုင်မြို့ကို TNLA က အလုံးစုံ ထိန်းချုပ်။
ဇန်နဝါရီ ၁၁
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ် ဆွေးနွေးပြီးနောက် ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ဖို့ သဘောတူ။
ဇန်နဝါရီ ၁၄
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် တခုလုံးကို အေအေ သိမ်းပိုက်။
ဇန်နဝါရီ ၁၆
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ဖို့နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံလွှဲပေးဖို့ အမျိုးသားရေးဆရာတော် ဦးအရိယာဝံသ (ခ) ပေါက်ကိုယ်တော်က ပြင်ဦးလွင် တပ်ထောက်ခံပွဲမှာ တောင်းဆို။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အခြေစိုက် (ခမရ-၅၃၉) မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူး အပါအဝင်စစ်သည် မိသားစုဝင် ၆၀၀ နီးပါး အလံဖြူထောင်ပြီး အေအေထံ လက်နက်ချ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ဗုံးလာကြဲတဲ့ တိုက်လေယာဉ်တစီးကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပစ်ချ။
ဇန်နဝါရီ ၂၃
အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သွားတွေကို ပြန်ခေါ်ဖို့သွားတဲ့ တပ်မတော်(လေ) ပိုင် လေယာဉ်တစ်စီး မီဇိုရမ် လေဆိပ်ကိုအဆင်း ပြေးလမ်းချော်ကျလို့ လေယာဉ်မှူးအပါအဝင် ၈ ဦး ဒဏ်ရာရ။
ဇန်နဝါရီ ၂၉ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ခမရ ၃၅၅ တပ်ရင်းအနီးမှာ စစ်ရဟတ်ယာဉ် ၁ စင်း ပစ်ချခံရလို့ ပျက်ကျကာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ၅ ဦးသေဆုံး။
ဇန်နဝါရီ ၃၀
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် ခေါင်းဆောင် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက နေပြည်တော်မှာ တရုတ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်။
ဇန်နဝါရီ ၃၁
-စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီး တိုင်းပြည်ဟာ သာမန်အခြေအနေမဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အာဏာသိမ်းသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုး။
-အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းထားတာ ၃ နှစ်ပြည့်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ရဲ့ အစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ် ၆ ယောက်၊ စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၄ ခုနဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းတယ်လို့ ကြေညာပါတယ်။