မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ပြုလုပ်ခဲ့တဲ့ “အပြင်မထွက် အသံတိတ်သပိတ်” အဖြူရောင်လှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသံတိတ်သပိတ် စတင်ခဲ့တဲ့ မနက် ၁၀ နာရီကစပြီး မော်လမြိုင်ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ အောက်လမ်းမကြီး၊ အထက်လမ်းမကြီး၊ ဗဟိုလမ်း၊ ကမ်းနားလမ်းနဲ့ ဒိုင်းဝန်ကွင်း လမ်းမကြီးတွေမှာ လူအသွားအလာ မရှိသလောက် နည်းပါးပါတယ်။
မော်လမြိုင်မြို့အတွင်းရှိ ဈေးဆိုင်အများစုက ဆိုင်ဖွင့်ကြပေမဲ့ ဝယ်သူမရှိဘဲ ခြောက်ကပ်နေတယ်လို့ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
“ခါတိုင်းနှစ်က အသံတိတ်သပိတ်တွေဆို သူတို့က ဆိုင်အတင်းဖွင့်ခိုင်းတယ်။ ဒီနှစ်တော့ အဲ့လိုဖွင့်ခိုင်းတာမျိုးတော့ မရှိပါဘူး။ ဆိုင်ဖွင့်တယ်ဆိုတာကလည်း တကယ်လို့ ပိတ်ထားလို့ရှိရင် တခုခုဒုက္ခလာပေးမှာ စိုးလို့ပါ။ ဒီနေ့ တော်တော်များများ အပြင်မထွက်ကြဘူး။ ဆိုင်မှာလာစားတဲ့သူလည်း နည်းပါတယ်။”
၁၀ နာရီမထိုးခင်က မော်လမြိုင်မြို့တွင်းနဲ့ ရပ်ကွက်တွေမှာ လူအသွားအလာ ရှိခဲ့ပေမဲ့ ၁၀ နာရီနောက်ပိုင်း ရပ်ကွက်တွေမှာ လူအသွားအလာရှင်းသွားပြီး မြို့တွင်းမှာတော့ လူအသွားအလာ အနည်းငယ်သာ ရှိတော့တယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။
မော်လမြိုင်မြို့မှာ စစ်ကောင်စီက အရင် အသံတိတ်သပိတ် ပြုလုပ်ခဲ့စဉ်က တုံ့ပြန်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲနဲ့ စတုဒီသာကျွေးတာမျိုး မရှိပေမဲ့ ရပ်ကွက်တချို့မှာတော့ အရပ်ဝတ်နဲ့ လုံခြုံရေးယူထားတာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။