Home
နိုင်ငံတကာ
တရုတ်ဟက်ကာများက အမေရိကန် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေ
DVB
·
February 1, 2024
FBI chief says Chinese are targeting crucial US infrastructure

တရုတ်အစိုးရနဲ့ အချိတ်အဆက်ရှိကြတဲ့ ဟက်ကာတွေဟာ အရေးကြီးတဲ့ အမေရိကန် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေပြီး အမေရိကန်ပြည်သူတွေနဲ့ လူ့အသိုင်းအဝိုင်းကို အမှန်တကယ် ထိခိုက်နစ်နာစေမယ့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက ကွန်ဂရက်လွှတ်တော်ကော်မတီကို ဇန်နဝါရီ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရေသန့်စက်ရုံတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ သယ်ယူပို့ဆောင်ရေး အချက်အချာကျတဲ့ နေရာတွေဟာ အစိုးရ ကမကထပြု ဟက်ကာ စစ်ဆင်ရေးတွေရဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်နေတယ်လို့ ပြည်သူ့လွှတ်တော် ရွေးချယ်ရေးကော်မတီကို တရုတ်နဲ့ အပြိုင်အဆိုင်ကိစ္စတွေအကြောင်း သူက ပြောပါတယ်။

ပေကျင်းဟာ သူလျှိုလှုပ်ရှားမှုတွေ၊ ဉာဏပစ္စည်းခိုးယူမှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကတဆင့် အမေရိကန်ပြည်ထောင်စုကို အားနည်းစေအောင် ကြိုးပမ်းနေကြောင်းလည်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။

တရုတ်က တိုက်ခိုက်ရမယ့်အချိန်ကို ဆုံးဖြတ်တဲ့အခါ သူတို့က နိုင်ငံရေးနဲ့ စစ်ရေး ပစ်မှတ်တွေကိုပဲ အာရုံစိုက်နေတာမဟုတ်ဘဲ အားနည်းတဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေပေါ်မှာလည်း နေရာယူထားပြီးသား ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် အရေးကြီးတဲ့ အခြေခံအဆောက်အအုံ တခုစီတိုင်းအတွက် ခံနိုင်ရည်အားကို နှစ်ဆချဖို့ လိုအပ်ကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ သူတို့ရဲ့ အရေးကြီးတဲ့ စနစ်တွေကို စမ်းသပ်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

နောက်ဆုံးအနေနဲ့ နည်းပညာထုတ်လုပ်သူတိုင်းဟာ ဒီဇိုင်းအရ လုံခြုံစိတ်ချရတဲ့ နည်းပညာကို တည်ဆောက်၊ စမ်းသပ်ပြီး အသုံးချရမယ်လို့လည်း FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက ပြောသွားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်သေးပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024