ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က တောင်သူတွေကို ကိုဗစ်ကာလ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့ မြို့နယ်စိုက်ပျိုးရေးဘဏ်က တောင်သူတွေကို ခြိမ်းခြောက် ဖိအားပေးလာကြောင်း တောင်သူလယ်သမားတွေထံက သိရပါတယ်။
ရေကြည်မြို့နယ်မှ တောင်သူတဦးက “စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့ စိုက်ဘဏ်မန်နေဂျာရယ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက စာထုတ်တာတွေ၊ မဆပ်နိုင်ရင် တရားစွဲမယ်၊ ထောင်ချမယ်ဆိုပြီး လယ်သမားတွေခေါ်ပြီး ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ်ကာလ စိုက်ပျိုးစရိတ်ချေးငွေ ယူထားတဲ့ ရေကြည်မြို့နယ်က တောင်သူလယ်သမားတွေကို မြို့နယ်စိုက်ဘဏ်မန်နေဂျာ ဦးမြင့်စိုး လက်မှတ်ရေးထိုးထားတဲ့ အကြောင်းကြားစာကို တောင်သူတွေထံ ဇန်နဝါရီ ၁၅ ရက်က စတင်ပေးပို့နေကြောင်း တောင်သူတွေထံက သိရပါတယ်။
“တောင်သူတွေက စိုက်စရိတ်ကြီးမြင့်လာတော့ အကြွေးမဆပ်နိုင်တာရှိတယ်။ အခုအချိန်က ပြည်သူ့ငွေ ခြိမ်းခြောက်တောင်းဆိုတာတွေလုပ်၊ ပြည်သူကို ရတဲ့နည်းနဲ့ ဒုက္ခပေးနေတာလေ။ လယ်သမားတွေ အခက်အခဲ ကူညီတာထက် စိုက်ပျိုးရေးဦးစားပေးတယ်ဆိုပြီး လက်တွေ့က ဧကနည်း လယ်သမားတွေ ပိုခက်ခဲကုန်တာ” လို့ ရေကြည်မြို့နယ်မှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
တောင်သူလယ်သမားတွေ ကိုဗစ်ကာလက စိုက်စရိတ်ချေးငွေ လယ်တဧက ၅၀,၀၀၀ ကျပ်ချေးထားတာကို မဆပ်ရင် တရားစွဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဘဏ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုနေတယ်လို့ သိရပါတယ်။