ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ် အမှတ် ၄ နဲ့ ၅ ရပ်ကွက်ကြားက တိုးရွှေဝါခန်းမအနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက တိုးရွှေဝါခန်းမအနီး ဗုံးပေါက်ကွဲခဲ့ရာမှာ ခန်းမမှာ တပ်ဆင်ထားတဲ့ မှန်တွေကွဲအက်ခဲ့ပြီး လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။
မအူပင်မြို့ခံတဦးက "ပေါက်တာကတော့ အသံအကျယ်ကြီးပဲ၊ မြေကြီးတွေတောင်တုန်ပြီး ရွာတွေဘက်ကပါ ပေါက်တဲ့အသံကို ကြားရတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ဒီဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့ညပိုင်းက ပေါက်ကွဲမှုဟာ ကာကွယ်ရေးအဖွဲ့တွေဘက်က ဖောက်ခွဲခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
မအူပင်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက “စစ်တပ်က ရှေ့တန်းမထွက်ချင်လို့ လုပ်ကြံ ဖောက်ခွဲတာလို့ ထင်ပါတယ်။ ဒါမှမဟုတ် ပြည်သူတွေကိုဖမ်းပြီး ငွေညှစ်ချင်လို့ ဖောက်ခွဲတာလည်း ဖြစ်နိုင်ပါတယ်”လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုအပြီးမှာ မအူပင်မြို့နယ် စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့နယ် အခြေစိုက် အမှတ် ၂၇ ခြေလျင်တပ်ရင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား လျော့နည်းနေပြီး သက်ကြီးပိုင်း တပ်ဖွဲ့ဝင်တွေသာရှိတော့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။