Home
မြန်မာသတင်း
ရေစကြိုတွင် လူနာတင်ယာဉ် ၁ စီး မီးရှို့ဖျက်ဆီးခံရ
DVB
·
January 30, 2024
491569-Yay-Sa-Gyo-730x365-1

မကွေးတိုင်း၊ ရေစကြိုမြို့၊ ကျောက်လှေခါးကျေးရွာ၊ ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာ ဖြူစင်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နယ်ခံပရဟိတအသင်းဝင်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီကျော်မှာ ပခုက္ကူမြို့က အောက်စီဂျင်အိုးဖြည့်ပြီး အပြန်မှာ ပစ်ခတ်ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

နယ်ခံ ပရဟိတအသင်းဝင်တဦးက “အရင်နှစ်က စစ်တပ်ကို ထောက်ခံတယ်။ စစ်တပ်က ခိုင်းတာတွေကို လုပ်ပေးတယ်ဆိုပြီး သတင်းတော့ ထွက်ဖူးတယ်။ အသင်းက လူကြီးတယောက်နဲ့ အသင်းဝင်တယောက် ambulance နဲ့ ပခုက္ကူကနေအပြန်မှာ ပစ်ခံရတာ။ သူတို့နဲ့ အခုထိတော့ အဆက်အသွယ် မရသေးဘူးလို့ ကြားထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြူစင်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ ယာဉ်မောင်း ဦးမြတ်သူ၊ ယာဉ်အကူ ဦးချမ်းငြိမ်းကိုတို့ ၂ ဦး ပခုက္ကူမြို့မှာ အောက်စီဂျင်ဖြည့်ပြီး အပြန်မှာ လက်နက်တွေနဲ့ ပစ်ခတ်ခံရလို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ လူနာတင်ယာဉ်က မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ပကဖတဦးက “အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရော လက်နက်ကိုင်အဖွဲ့တွေပါ လှုပ်ရှားနေကြတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ စုံစမ်းနေပါတယ်။ အသင်းကား မီးရှို့ခံရတာတော့ ဟုတ်ပါတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ လူမှုကူညီရေးအသင်းဟာ မနှစ် အောက်တိုဘာလက စစ်ကောင်စီကို ထောက်ခံတယ်ဆိုကာ မြို့ခံတချို့က ‌ဝေဖန်ခဲ့ပြီး သူတို့အသင်းအနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ နာရေးနဲ့ ကျန်းမာရေးကိစ္စကလွဲပြီး ကူညီထောက်ပံ့တာ မရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024