— ၁ —
၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသက မြို့နယ် ၂၀ နဲ့ တပ်စခန်း ၄၀၀ နီးပါး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေရာကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို အစားထိုးခန့်အပ်ဖို့ ပြောဆိုလာကြပါတယ်။
ကာကွယ်ရေးဦးစီးချုပ်နေရာကို ပြောင်းလဲခန့်ထားဖို့ တောင်းဆိုသူတွေအထဲမှာ အရာရှိ၊ စစ်သည်တွေ၊ စစ်တပ်ထောက်ခံသူတွေ၊ အမျိုးသားရေး လှုပ်ရှားနေသူနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ ပါဝင်ပြီး ဆန္ဒပြပွဲတွေကတဆင့် ပြောဆိုလာတာ ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်က မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာ ရှမ်းမြောက်ဒေသက လောက်ကိုင် ဒေသကွပ်ကဲစစ်ဌာနချုပ် အပါအဝင် တပ်စခန်း ၂၀၀ ကျော်နဲ့ မြို့နယ် ၂၀ ရရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ၆ ဦးနဲ့ အရာရှိစစ်သည်များကို ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး လက်နက်ချခိုင်းခဲ့တာ ဖြစ်တယ်လို့ စစ်ကာင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
ပြည်သူကမုန်း စစ်ကရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ လောက်ကိုင်မြို့ ပွိုင့် ၂၂၀၂ တောင်ကုန်းအပေါ် စေတီတော်တဆူကို MNDAA အဖွဲ့ဝင်တဦးက သံတူနဲ့ ထုရိုက်ဖြိုဖျက်နေတဲ့ ရုပ်သံဖိုင်ကြောင့် ဝါဒဖြန့်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။
လောက်ကိုင်မြို့ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီကို တူနဲ့ထုတဲ့ကိစ္စနဲ့ပတ်သက်ပြီး “အမိန့်ပေးတာမဟုတ်ဘဲ တပ်ဖွဲ့ဝင်တဦးရဲ့ ပုဂ္ဂိုလ်ရေးလုပ်ရပ်သာဖြစ်ပြီး အပြစ်ပေး အရေးယူသွားမယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ပေမဲ့ စစ်ခေါင်းဆောင်က သူနဲ့ အပတ်စဥ်တူ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း တင်ဦးလွင်နဲ့ တိုင်ပင်ကာ ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားရေးဆရာတော်တွေနဲ့ တပ်ထောက်ခံသူတွေဟာ ဇန်နဝါရီလ ၉ ရက်မှာ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ ပဲခူး အပါအဝင် ၄၅ မြို့နယ်အထိ ဆန္ဒပြခဲ့ပေမဲ့ တပ်က ပြောင်းလဲမှုတစုံတရာ ဖြစ်မလာဘူးလို့ အမျိုးသားရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
“၉ ရက်နေ့ ဆန္ဒပြတယ်၊ ၁၀ ရက်နေ့မှာ ဟိုပန်နဲ့ ပန်လုံကို ပေးလိုက်ရတယ်။ ၁၁ ရက်နေ့မှာ အပစ်အခတ်ရပ်တယ်၊ တပ်က ခံဘက်ကချည်းပဲဆိုတော့ ဆန္ဒမပြချင်ဘူး။ စစ်ကို စစ်လိုတိုက်တဲ့ ခေါင်းဆောင်မျိုးပဲ လိုချင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေ မကြာခဏ ဆုံးရှုံးနေပေမဲ့ စစ်ခေါင်းဆောင် အပြုံးမပျက် ဘုရားတက်နေတာကြောင့် ပြင်ဦးလွင်မြို့မှာ ဇန်နဝါရီလ ၁၆ ရက်က ပြုလုပ်တဲ့ MNDAA ကန့်ကွက်ဆန္ဒပြပွဲမှာ ပေါက်ကိုယ်တော်က ကာကွယ်ရေးဦးစီးချုပ်နေရာကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ပေးဖို့ မိန့်ကြားခဲ့ပါတယ်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဘုရားတရားကြည်ညိုပြီး အမြဲပြုံးရွှင်နေတော့ အရပ်ဘက်ဝန်ကြီးချုပ်နဲ့ ပိုလိုက်ဖက်တယ်။ ဒါဆို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရပ်ဘက်ဝန်ကြီးနေရာပဲ ပေးလိုက်ရင် ကောင်းမလား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာကို ဘယ်သူကယူမှာလဲ၊ ဒုချုပ်စိုးဝင်း ရှိတယ်လေဗျာ၊ မျက်နှာအသေထားတာကြည့်လိုက်၊ စစ်သားမပီသဘူးလား၊ ဒုချုပ်ကြီးရဲ့ မျက်နှာအနေအထား၊ လုပ်ပုံကိုင်ပုံကို ကြည့်လိုက်၊ မကြိုက်ဘူးလား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုချုပ်ကြီးကို ပေးလိုက်၊ အရပ်ဘက် ဝန်ကြီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပေးလိုက်” လို့ မိန့်ပါတယ်။
— ၂ —
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ တာဝန်အနားယူခဲ့ပါက ကာကွယ်ရေးဦးစီးချုပ် နေရာကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို လွှဲပေးမှာမဟုတ်ဘဲ အသက် ၅၀ ကျော် ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်တဦးသာ ပေးမှာဖြစ်တယ်လို့ အငြိမ်းစားဗိုလ်မှူးကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တပ်မှာ အစဥ်အလာရှိတယ်၊ ဦးသန်းရွှေတုန်းက ဦးမောင်အေးကို မပေးသလို အဲ့တုန်းက တပ်မှာ မင်းအောင်လှိုင်ထက် အရည်အချင်းရှိတဲ့သူတွေ အများကြီး။ ကာချုပ်နေရာကို ဗိုလ်လောင်းအပတ်စဥ် ၁၈ က တိုက်ခိုက်ရေးမှာ သူရဘွဲ့ရထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ပေးမယ်ထင်ကြတာ။ ဦးသန်းရွှေက သူယုံကြည်ရတဲ့ အပတ်စဥ် ၁၉ က ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ပေးသွားတယ်။ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဒီအတိုင်းပဲလာမှာ။ သူ တာဝန်က အနားယူရင် သူယုံကြည်တဲ့သူကိုပဲ ပေးမှာ” လို့ ရှင်းပြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေးဦးစီးချုပ်နေရာကို အလှည့်ကျအုပ်ချုပ်ဖို့ ပြောဆိုခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသက် ၆၀ မပြည့်ခင် ၂၀၁၄ ခုနှစ်မှာ ကာချုပ်နဲ့ ဒုကာချုပ် သက်တမ်းကို အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ရန် သက်တမ်းတိုးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။
“ဦးသန်းရွှေက အလှည့်ကျအုပ်ချုပ်ဖို့ပြောတယ်၊ စကားနားမထောင်ဘူး၊ ကာချုပ်နေရာကို သူပဲ ဆက်ယူထားချင်တယ်၊ ဒါကြောင့် ၂၀၁၄ မှာ သက်တမ်းတိုးလိုက်တယ်၊ အဲ့ဒီသက်တမ်းက ၂၀၂၁ ပြည့်မှာဆိုတော့ အာဏာကို လက်မလွှတ်ချင်ဘူး၊ ဒါကြောင့် အာဏာသိမ်းတာ၊ မဲလိမ်တာ မဲခိုးတာတွေဆိုတာ အကြောင်းပြချက်တွေ” လို့ ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက်စာရင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာ အနေအေးပြီး လုပ်ငန်းလုပ်ရာမှာ တိကျသူတဦးဖြစ်ကာ လတ်တလော စစ်ပွဲတွေကို ကာချုပ်ရဲ့ ညွှန်ကြားချက်နဲ့သာ လုပ်နေရသူတဦး ဖြစ်တယ်လို့ ကက(ကြည်း) ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒုချုပ်က တိုက်ခိုက်ရေးကလာတာဆိုတော့ စစ်ပွဲတွေမှာ အားမရဘူး။ ကာချုပ်ကို တင်ပြပေမဲ့ ကာချုပ်က လုပ်ပိုင်ခွင့်မပေးတော့ တိုင်းပြည်က အခုလိုဖြစ်လာတာ။ တပ်ကလူတွေ အားလုံးက ဗိုလ်စိုးဝင်းကို ကာချုပ်ဖြစ်စေချင်တာ” လို့ ပြောပါတယ်။
လတ်တလော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူမယ်ဆိုပါက ဒုကာချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အသက် ၆၀ ကျော်အရွယ် ဗိုလ်ချုပ်ကြီးတွေကို တပါတည်း ခေါ်သွားမှာဖြစ်တယ်လို့ အငြိမ်းစား နည်းဗျူဟာမှူးတဦးက ပြောပါတယ်။
“မင်းအောင်လှိုင်က တာဝန်ကအနားယူရင် ဒုချုပ်ရော တခြားဗိုလ်ချုပ်ကြီးတွေရော ခေါ်သွားမှာ။ သူယုံကြည်တဲ့သူကို ကာချုပ်နဲ့ ဒုချုပ်ဆိုပြီး တင်ခဲ့မှာ။ တပ်ထဲမှာ ရေပန်းစားနေတာ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အောင်လင်းဒွေးနဲ့ ညိုစော တို့သုံးဦး” လို့ ပြောပါတယ်။
— ၃ —
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်း၊ တပ်မတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းရတဲ့ အကြောင်းအရင်းကို လိုက်လံပြောဆိုခဲ့ပေမဲ့ အဲ့ဒီကတည်းက ပြိုကွဲမှု စတင်ခဲ့တာလို့ စစ်ဆင်ရေးတခုမှ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတဦးက ပြောပါတယ်။
“တိုင်းစစ်ဌာနချုပ်တွေ အကုန်လိုက်ပြော၊ သူ့ကိုထောက်ခံတဲ့ တိုင်းမှူးတွေဆို ရာထူးတိုးပေး၊ နေရာကောင်းပေးနဲ့ စည်းရုံးလာတာ အောက်ခြေ အရာရှိ စစ်သည်တွေက မကျေနပ်ဘူး၊ ဘာဖြစ်လဲဆိုတော့ တပ်ကသတင်း အပြင်ကိုပေါက်ရော၊ အမှန်ဆို NLD အစိုးရတက်လာရင် ကာချုပ်ကလည်း တာဝန်က အနားယူရမှာ၊ အနားမယူချင်လို့ အာဏာသိမ်းတာ” လို့ ပြောပါတယ်။
အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တိုင်းစစ်ဌာန၊ ခြေမြန်တပ်မဌာနချုပ်၊ ခြေမြန်တပ်ရင်း၊ ခြေလျင်တပ်ရင်းများမှာ အရာရှိစစ်သည်များ ထွက်ပြေးကြသလို လက်နက်ကိုင် အဖွဲ့အစည်းများထံ သတင်းပေးသူများလည်း ရာနဲ့ချီရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ အခုချိန်မှာ ကာချုပ်နေရာကို တခြားတယောက် လွှဲပေးမယ်ဆို သူ့အတွက် ဝန်ပေါ့သွားမယ်။ ဒါမှမဟုတ်ဘဲ ဆက်ပြီး အာဏာရယူထားမယ် ဆိုရင် စစ်တပ်ဆိုတာ မြန်မာ့သမိုင်းမှာ ပျောက်သွားတဲ့အနေအထား ဖြစ်လာလိမ့်မယ်။ စစ်တပ်က ပြိုကွဲနေတဲ့အချိန်မှာ ထွက်ရင်ထွက်၊ ပျက်စီးသွားတဲ့အချိန်မှ ထွက်ရင်တော့ ဆေးမမီဘူး” လို့ စိုးရိမ်စိတ်နဲ့ ပြောဆိုပါတယ်။