ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဟုမ်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၇ ဦး သေဆုံးခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပလက်ဝမြို့နယ် ဟုမ်းကျေးရွာမှာ ဓာတ်ဆီလာဝယ်တဲ့ မင်းတပ်မြို့သား ဦးအောင်ထွန်းဝင်း၊ ဦးကီးအွမ်၊ ဦးအောင်ချို၊ ဦးစိုင်းထွန်းမြင့်၊ မောင်ကီးလိန်း၊ မောင်ကျော်လင်းနဲ့ ဒိုက်ချောင်းဝရွာမှ ဦးလှုပ်ဘွေးတို့ ၇ ဦးသေဆုံးခဲ့ပါတယ်။
ဟုမ်းကျေးရွာက ပြည်သူတွေက အခုရက်ပိုင်း လေယာဉ် မကြာခဏလာတဲ့အတွက် တိမ်းရှောင် နေကြပြီး လူနေအိမ်အမြောက်အမြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
CDF-ဒိုင်ရ်(Daai)တာဝန်ရှိသူက “တိုက်ပွဲမရှိဘဲ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတာ၊ ၇ ဦး သေဆုံးတယ်။ သူတို့ကဆီကုန်သည်တွေ ဖြစ်တယ်၊ အဆောက်အအုံ ပျက်တာတွေလည်း ရှိတယ်၊ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေ ပြန်မရောက်သေးလို့ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်ခံရတဲ့ ဟုမ်းကျေးရွာဟာ ပလက်ဝ-မတူပီ-မင်းတပ်နယ်စပ်က CDF-Daai ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။