ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ မိတ်ဆုံ စားပွဲပြုလုပ်စဉ် ပစ်ခတ်ခံရတဲ့အတွက် တပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင်ရဲ့ နေအိမ်ခြံဝန်းအတွင်း ဇန်နဝါရီ ၂၇ ရက် ညက လုံခြုံရေးချထားပြီး မိတ်ဆုံစားပွဲ ကျင်းပချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ဒေသခံအမျိုးသားတဦးက “ည ၁၁ နာရီခွဲလောက် ရှိမယ်။ ဦးလစားခေါင်ဒေါင် နေအိမ်မှာ ပြည်သူ့စစ်အဖွဲ့တွေ မိတ်ဆုံ ညစာ စားပွဲကျင်းပနေတုန်း ဝင်ပစ်တာ။ ဦးရွှေမင်း ရဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့နဲ့ ဦးလစားခေါင်ဒေါင်ရဲ့ လော်ဝေါ်ပြည်သူ့စစ်အရာရှိပိုင်းတွေ လုံခြုံရေးချပြီး စားသောက်နေတုန်း အပစ်ခံရတာ။ ၇ ဦးလေါက် ထိခိုက် ဒဏ်ရာရတယ်လို့ သိရတယ်။ ဘယ်အဖွဲ့ က ပစ်လဲတော့ မသိရဘူး” လို့ ပြောပါတယ်။
ဦးလစားခေါင်ဒေါင်ရဲ့ လော်ဝေါ်ပြည်သူ့စစ်အဖွဲ့ဟာ ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့က ကျောထောက်နောက်ခံ ထောက်ပံ့ထားပြီး ဝိုင်းမော်မြို့နယ်အတွင်းက လီဆူ လူငယ်တွေကို စစ်မှုထမ်းဖို့ ပူးပေါင်းလိုက်လံစုဆောင်းနေပါတယ်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)ရဲ့ ဥက္ကဋ္ဌ ဦးရွှေမင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က မြန်မာနိုင်ငံ လီဆူစစ်တပ် ဖွဲ့စည်းတည်ထောင်ရန် ထုတ်ပြန်ခဲ့ပြီး နောက် ဝိုင်းမော်မြို့နယ်အတွင်း လီဆူတိုင်းရင်းသားနေအိမ်တွေက တအိမ် တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့ လိုက်လံ စုဆောင်းနေတဲ့အတွက ဒေသခံ လီဆူလူငယ် တချို့ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။