မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဉ်နဲ့ မြန်မာ့ကိုယ်ပိုင်၊ မြန်မာဦးဆောင်တဲ့ ဖြေရှင်းနည်းကို ထောက်ခံပြီး သွေးမြေကျတဲ့ပဋိပက္ခ အဆုံးသတ်ရေးကို တိုက်တွန်းတဲ့အကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဇန်နဝါရီ ၂၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အာလွန်ကဲအို ကစ်တီကွန်ရဲ့ “သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့နိုင်ဖို့” ကြိုးစားမှုတွေကို ထောက်ခံကြောင်းလည်း ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက အာဆီယံဟာ ကြားဝင်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။
အာဆီယံခေါင်းဆောင်တွေနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ သဘောတူညီခဲ့တဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကိုလည်း စစ်ကောင်စီဘက်က လိုက်နာခဲ့ခြင်း မရှိပါဘူး။
အထူးကိုယ်စားလှယ်သစ်ဟာ ဇန်နဝါရီလ အစောပိုင်းက မြန်မာနိုင်ငံ နေပြည်တော်ကိုသွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ခဲ့ပါသေးတယ်။
အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အွန်လိုင်းကတွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေ၊ အတိုက်အခံတွေနဲ့ တွေ့၊ မတွေ့ တရားဝင်ကြေညာတာလည်း မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတုန်းပဲဖြစ်သလို ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို အာဆီယံက ညီညီညွတ်ညွတ် ပံ့ပိုးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့ တကယ်တမ်း အကျပ်အတည်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အာဆီယံ အတွင်းထဲမှာကို သဘောထား ကွဲလွဲနေပါတယ်။
အရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား လက်ထက်တုန်းကတော့ မြန်မာနိုင်ငံတွင်းက အင်အားစုအမျိုးမျိုးနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ဖူးပေမဲ့ လက်ရှိဥက္ကဋ္ဌသစ် လာအိုက အဲဒီလောက်တောင် အားထုတ်နိုင်ပါ့မလားလို့ လေ့လာသူတွေက မေးခွန်းထုတ်နေခဲ့ပါတယ်။
အစိုးရတာဝန်ရှိသူတယောက်မှ မလွှတ်ရရင် ဘယ်သူမှ မလွှတ်ဘူးလို့ တင်းခံနေခဲ့တဲ့ စစ်ကောင်စီဟာ မနေ့ကကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတော့ နိုင်ငံရေးရာထူးမဟုတ်တဲ့ အစိုးရအရာရှိတဦးကို ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံရေးအရ ကိုယ်စားပြုမှုမဟုတ်ဘူး ဆိုတာကို လာအိုနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပါတယ်။
Source-Reuters/ Photo-ASEAN