ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စိုက်ဘဏ်ချေးငွေတွေကို ပြန်မဆပ်ရင် ချေးငွေ မထုတ်ပေးတဲ့အပြင် အရေးယူမယ်ဆိုလို့ လုပ်ကိုင်နေတဲ့လယ်တွေကို ပေါင်ပြီး ပြန်ဆပ်နေရတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
မအူပင်ဒေသခံ တောင်သူတယောက်က “မဆပ်နိုင်သူတွေက များပါတယ်။ မဆပ်နိုင်တဲ့သူတွေကို အရေးယူမယ်ဆိုလို့ လုပ်နေတဲ့လယ်ကို သူများဆီမှာ တရာသီအပေါင်ထားပြီး ပြန်ဆပ်နေရတယ်။ ပြန်မဆပ်ရင် အရေးယူမယ်ဆိုပြီး အသိပေးလာတာကြောင့်ပါ။ ချေးငွေတွေကို ပြန်ဆပ်ဖို့က စပါးတွေ အထွက်လျော့ကျခဲ့တာရယ်၊ စိုက်ပျိုးစရိတ်တွေ မတတ်နိုင်တော့လို့ မစိုက်ဘဲ ထားခဲ့ရတာတွေကြောင့် လက်ထဲငွေမရှိဖြစ်ပြီး ပြန်မဆပ်နိုင်တာပါ။ ဒီနှစ် အတော်ဒုက္ခရောက်နေပါတယ်ဆို ဖိအားပေး တောင်းခံနေရတယ်” လို့ ပြောပါတယ်။
တောင်သူတွေအနေနဲ့ မိမိတို့ထုတ်ချေးထားတဲ့ စိုက်ဘဏ်ချေးငွေတွေ ပြန်ပေးဆပ်ဖို့ ပျက်ကွက်ပါက ဘဏ်ရဲ့ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ချေးငွေကျန်တဲ့ တောင်သူတွေဆီကို သတိပေးစာနဲ့ အကြောင်းကြားလာတာကြောင့် ငွေကြေးတတ်နိုင်သူတွေဆီကို လယ်တွေပေါင်ပြီး ပြန်ဆပ်နေရတာလို့ သိရပါတယ်။
ဒါ့အပြင် ချေးငွေထုတ်ချေးထားတဲ့ တောင်သူတွေကို စစ်ကောင်စီ ဘဏ်ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေအထိ ကွင်းဆင်းတွေ့ဆုံပြီးတော့ ချေးငွေတွေကို ပြန်လည်ပေးဆပ်ခိုင်းနေပြီး ပေးဆပ်ဖို့ သတ်မှတ်ရက် ကျော်လွန်သူတွေကို ဒဏ်ကြေးတွေပါ ဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။
“စိုက်ဘဏ်က ကြွေးကျန်တွေကို နင်လားငါလား တောင်းနေတယ်။ ကျေးရွာတွေအထိကို လာတောင်းနေတာ။ ကျနော်တို့တောင်သူတွေကတော့ အရစ်ကျပြန်တောင်းမှ အဆင်ပြေမယ်၊ ဥပမာ သိန်း ၃၀ သမားကို တနှစ် ၅ သိန်းပြန်တောင်းတာမျိုး၊ အဲ့ဒီလိုမျိုးမဟုတ်ရင်လည်း အတိုးငွေကိုပဲ ပြန်ကောက်တာဆို အဆင်ပြေနိုင်တာပေါ့။ ချေးငွေဆိုတဲ့စနစ်ကြီး မရှိရင်လည်း ကောင်းတာပါပဲ” လို့ နောက်ထပ် တောင်သူတယောက်က ပြောပါတယ်။
ချေးငွေအတင်းပြန်တောင်းတာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတယောက်က “အဲ့ဒီချေးငွေတွေက NLD အစိုးရလက်ထက်က ချေးထားတာ ဖြစ်တယ်။ လက်ရှိမှာ တောင်သူတွေ အဘက်ဘက်ကနေ ခက်ခဲနေတဲ့အချိန် ပြန်ပေးဆပ်ဖို့ ကျပ်တည်းနေရင် နောက်ဆုပ်ပေးသင့်တယ်လို့ ယူဆတယ်။ တောင်သူတွေ ကိုယ့်လယ် ကိုယ်စိုက်ဖို့တောင် ရုန်းကန်နေရတာကို ချက်ချင်း အတင်းတောင်းဖို့ မသင့်ဘူးလို့ ပြောချင်တယ်။ သို့သော် တောင်သူတွေက သူတို့ကို ကြောက်နေရတာ၊ ဒါ့ကြောင့် ဆပ်နေကြရတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါး စတင်စိုက်ပျိုးချိန်ကစလို့ ဓာတ်မြေဩဇာတွေ ဈေးအဆမတန် တက်တာနဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးတွေ တက်နေလို့ စပါးတွေ ဧကပြည့်အောင် မစိုက်နိုင် ဖြစ်နေတဲ့အပြင် စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက်နေလို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။