Home
မြန်မာသတင်း
ကလေးမြို့ကထွက်ခွာမည့် မြန်မာ့လေကြောင်းလိုင်း လက်မှတ်‌ဈေးနှုန်း မြင့်တက်
DVB
·
January 29, 2024
Kalay Tsp

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို ပြေး‌ဆွဲပေးနေတဲ့ ကလေး-မုံရွာ-မန္တ‌လေး-ရန်ကုန် မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခဈေးဟာ ကျပ် ၂၀,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်သွားတယ်လို့ လေယာဉ်‌လက်မှတ် အရောင်းစင်တာတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်က စတင်ကာ ဈေးနှုန်းပြောင်းလဲသွားတာဖြစ်ပြီး အရင် ကလေး-ရန်ကုန် လေယာဉ်လက်မှတ်ဈေးဟာ ၃၅၀,၀၀၀ ကျပ်ကနေ ၃၆၅,၀၀၀ ကျပ်၊ ရန်ကုန်-ကလေး လေယာဉ်လက်မှတ်ဟာ ၂၉၅,၀၀၀ ကျပ်ကနေ ၃၂၅,၀၀၀ ကျပ်၊ ကလေး-မန္တ‌လေး‌ လေယာဉ်လက်မှတ်ဈေးက အသွားအပြန် ၂၀,၀၀၀ ဝန်းကျင် မြင့်တက်သွားတာ ဖြစ်ပါတယ်။

ကလေးမြို့ လေယာဉ်လက်မှတ်အရောင်းစင်တာ ဝန်ထမ်းတဦးက “ကလေးမြို့ကနေထွက်တဲ့ မြို့အားလုံး လက်မှတ်ဈေးက တက်တယ်။ လေယာဉ်လက်မှတ်ဈေး တက်တာကလည်း ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဒေါ်လာဈေး၊ စက်သုံးဆီဈေး၊ ကားခ၊ တန်ဆာခကအစ အကုန်ဈေးတက်နေတာဆိုတော့။ ကလေးကနေထွက်မယ့် လေယာဉ်လက်မှတ်က မတ်လအလယ်ပိုင်းထိကို ခုံပြည့်နေတယ်” လို့ ပြောပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို သွားဖို့ ကုန်းလမ်းကြောင်းက တိုက်ပွဲတွေနဲ့ လမ်းကြောပိတ်ဆို့မှုတွေကြောင့် လေကြောင်းခရီးကို အသုံးပြုသူ များလာတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်ကလည်း ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက် ထွက်ခွာတဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းဟာ ၃၀,၀၀၀ ဝန်းကျင် ဈေးတက်ခဲ့ရာကနေ အခုတကြိမ် ပြန်လည်ဈေးမြင့်သွားတာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းနဲ့ ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်က မြို့တွေဖြစ်တဲ့ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တွေကို ပြေးဆွဲပေးနေပြီး အရင်က မြန်မာ့လေကြောင်း၊ ကမ္ဘောဇလေကြောင်းနဲ့ အဲသံလွင် လေကြောင်း ၃ လိုင်းနဲ့ ပြေးဆွဲခဲ့ရာကနေ အခုအခါမှာတော့ မြန်မာ့လေကြောင်းလိုင်းတလိုင်းသာ ပြေးဆွဲတော့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024