Home
မြန်မာသတင်း
‘ဝ’ခေါင်းဆောင်များနှင့် ကိုးကန့်တပ်မတော် စစ်ဦးစီးချုပ် တွေ့ဆုံဆွေးနွေး      
DVB
·
January 29, 2024
Wa Meet Ko Kant MNDAA_2902024

ကိုးကန့်တပ်မတော် (MNDAA) စစ်ဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ‘ဝ’ပြည်နယ်ကို သွားရောက်ပြီး ‘ဝ’ပြည်နယ် အုပ်ချုပ်ရေးနဲ့ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။

တရုတ်နှစ်သစ်ကူးအကြိုခရီးစဉ်အဖြစ် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ (MNDAA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဦးဖုန်တဲရင် ဦးဆောင်တဲ့ ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့ဟာ ‘ဝ’ပြည်နယ် အုပ်ချုပ်ရေး ဗဟိုရုံးချုပ်ကိုရောက်ရှိပြီး ‘ဝ’ပြည်နယ် ဒု ဥက္ကဋ္ဌ ဦးကျောက်ကော်အမ်း၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒု အထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပါတယ်။

ဆွေးနွေးပွဲမှာ ဦးပေါက်အိုက်ခမ်းက နှုတ်ခွန်းစကားပြောကြားခဲ့ပြီး အခုလို အထူးဒေသ ၁ ကိုယ်စားလှယ်အဖွဲ့တွေ နှစ်သစ်ပွဲတော် အခါသမယမှာ လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ နှစ်သစ်ပွဲတော်အခါ အပြန်အလှန်လည်ပတ်တဲ့ ရိုးရာတွေကို နှစ်ဦးနှစ်ဖက် ဆက်လက်ထိန်းသိမ်းကြဖို့နဲ့ ရှေ့က အရာရှိကြီးတွေတည်ထောင်ခဲ့တဲ့ တော်လှန်ရေး၊ ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရပေမဲ့ နှစ်ဖက်လုံးက တပ်သားတွေနဲ့ အရပ်သားတွေ နှစ်သစ်မင်္ဂလာပွဲတော်မှာ ပျော်ရွှင်ကြပါစေလို့လည်း ဆုမွန်ကောင်း တောင်းခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကန့် အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ၁ ဗိုလ်ချုပ် ဦးစုန်ခဲချိန် ကလည်း ‘ဝ’ပြည်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ အချင်းချင်းကြား တော်လှန်ရေး ချစ်ခင် ရင်းနှီးမှုတွေကို ပြန်သုံးသပ်ခဲ့ပြီး ချစ်ကြည်ရေးဟာ နှစ်ဆယ်ချီ တော်လှန်ရေး လမ်းကြောင်းနဲ့ တည်ဆောက်ထားတာဖြစ်လို့ အင်မတန်ရင်းနှီးခိုင်မာကြောင်း၊ နှစ်ဦးနှစ်ဖက် အသက်၊ သွေး၊ ချွေး တို့နဲ့ တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးဟာ အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင် လက်ထက်မှာလည်း ဆက်လက် ဖွံ့ဖြိုးတိုးတက် သွားမယ်လို့ ပြောခဲ့ပါတယ်။

အထူးဒေသ ၁ ပြည်သူလူထုနဲ့ ‘ဝ’ပြည်သူလူထုတို့ အတူတကွ ထာဝရ ရပ်တည် သွားမှာဖြစ်သလို ၁၀.၂၇ စစ်ဆင်ရေးကြီးမှာ စစ်ရှောင်ပြည်သူတွေကို ‘ဝ’ပြည်နယ်က အကူအညီပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုးကန့် ကိုယ်စားလှယ်အဖွဲ့ဟာ ၂ ရက်ကြာ ခရီးစဉ်အတွင်း “ဝ”ပြည်နယ် ဥက္ကဋ္ဌ ဦးပေါက်ယူချန်းကို နေအိမ်မှာ သွားရောက် ဂါရဝပြုခဲ့တယ်လို့ လည်း ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ညီနောင် ၃ ဖွဲ့က ၁၀.၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့ပြီး  စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နိုင်ခဲ့ကာ စစ်ကောင်စီအုပ်ချုပ်ရေး လုံးဝကင်းစင်သွားတဲ့ နယ်မြေအဖြစ် ကြေညာခဲ့ပြီးနောက် ကိုးကန့်ခေါင်းဆောင်တွေနဲ့ ‘၀’ ခေါင်းဆောင်တွေ ပထမဆုံး အကြိမ် တရားဝင်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။  

 Photo- The KoKang

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024