အီရန်နိုင်ငံ အရှေ့တောင်ပိုင်းနယ်စပ်ဒေသမှာ အမည်မသိသေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၇ ရက် စနေနေ့က ပါကစ္စတန်နိုင်ငံသား ၉ ဦး သေဆုံးသွားခဲ့ရပြီး ဒဏ်ရာရသူ ၃ ဦး ရှိကြောင်း ဘာလုခ် လူ့အခွင့်အရေးအဖွဲ့ ဟားလ်ဗက်ရှ်က သူ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေဟာ အီရန်နိုင်ငံ ဆာရာဗန်မြို့ရှိ မော်တော်ယာဥ်ပြင်ဆိုင်မှာ ၈ နှစ် ကနေ ၁၀ နှစ် လောက် အလုပ်လုပ်ကာ နေထိုင်လာသူတွေ ဖြစ်တယ်လို့ ဝမ်းနည်းပူဆွေးနေတဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးတွေက ပြောပါတယ်။
မနက်အစောကြီး ၃ နာရီခွဲဝန်းကျင်လောက်မှာ အကြမ်းဖက်သမား ၃ ဦး ရောက်ရှိလာပြီး အိပ်ပျော်နေသူတွေကို နှိုးပြီးတော့ သူတို့ထဲမှာ ဘယ်သူတွေက ပါကစ္စတန်နိုင်ငံသားတွေလွဲလို့ မေးမြန်းကာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အဲဒီပစ်ခတ်မှုထဲမှာ ဒဏ်ရာရရှိထားတဲ့ တူတော်စပ်သူက ဖုန်းနဲ့ပြောပြခဲ့တယ်လို့ မာလိခ် ခူဒါ ဘူခက်ရှ်က ပြောပြပါတယ်။
အလောင်းတွေကို နိုင်ငံပြန်ပို့ပေးဖို့နဲ့ ဆွေမျိုးတွေဆီ လွှဲပြောင်းပေးဖို့လည်း ပါကစ္စတန်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ပစ်ခတ်မှုအပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ သေနတ်သမား ၃ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့ပါတယ်။
စစ္စတန်-ဘာလုချီစတန် ပြည်နယ်ရှိ ဆာရာဗန်မြို့က ပစ်ခတ်မှုတွေအတွက် ဘယ်လူပုဂ္ဂိုလ် ဘယ်အဖွဲ့မှာ တာဝန်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက မပြောကြားထားပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တွေက အီရန်နဲ့ ပါကစ္စတန် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်ခဲ့ကြပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေ လုပ်နေချိန်မှာပဲ ခုလိုဖြစ်ရပ် ကြုံခဲ့ရတာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အာမီယာ အဗ္ဗဒူလာဟီယန် ပါကစ္စတန်နိုင်ငံကို တနင်္လာနေ့မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်ခင်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters