တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မိကျောင်းစစ်ကြောင်းက တပ်ထောက်ရဲဘော် ကိုပင်လယ်လူ ဟာ သူ့တပ်ဖွဲ့က ဖမ်းဆီးလာတုန်း ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးတာလို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF) က ရဲဘော်တယောက်ဖြစ်သူ ကိုပင်လယ်လူဟာ ၂၀၂၃ ခုနှစ်၊ မေလမှာ အဲဒီတပ်ဖွဲ့ကနေ တရားဝင် နုတ်ထွက်ခဲ့ပြီးနောက် မိကျောင်း စစ်ကြောင်းကို ဝင်ရောက်ခဲ့ပြီး တပ်ထောက်ရဲဘော် ဖြစ်လာပါတယ်။
သူ့မိန်းမ မီးဖွားဖို့အတွက် ခွင့် ၁ လယူပြန်ပြီးနောက် ခွင့်ရက်ပြည့်ပြီး ပြန်ခေါ်ချိန်မှာ ပြန်မလာတာ၊ ရပ်ရွာထဲမှာ အရက်မူးပြီး သေနတ်ကို စည်းမဲ့ကမ်းမဲ့ပစ်တယ်လို့ ပြည်သူတွေက တိုင်ကြားတာနဲ့ မိကျောင်းစစ်ကြောင်းရဲ့ အမည်နဲ့ ပြည်သူတွေဆီက အလှူငွေခံထားတဲ့ ဘဏ္ဍာငွေကို ဘယ်နေရာမှာ သုံးစွဲတာကို မသိရတာတွေကြောင့် ဖမ်းဆီးဖို့အတွက် မိကျောင်းစစ်ကြောင်းတာဝန်ခံဖြစ်သူ ဗိုလ်မုတ်ဆိတ်က ရဲဘော်ဝိုင်လူးကို အမိန့်ပေးခဲ့တယ်လို့ စုံစမ်းရေးကော်မရှင်က ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး မိသားစုဝင်ကို ဆက်သွယ်မေးမြန်းရာမှာ မိသားစုဝင်တယောက်က “တကယ်လို့ခွင့်ရက်မပြည့်လို့ လာခေါ်ရင် ဘာလို့ ခေါင်းစွပ်အမဲနဲ့ စွပ်ပြီးလာရတာလဲ။ ဒါဟာ မရိုးသားလို့ပဲ။ နောက်တခုက ရွာထဲမှာ သေနတ်နဲ့ လျှောက်ပစ်တယ် ဆိုတာကလည်း ရွာထဲအထိ စုံစမ်းမေးမြန်းပြီးပြီလား။ သူ့မိန်းမ ကလေးမွေးဖို့အတွက် အိမ်က ငွေပေးတာတောင် သူမသုံးဘဲ အဖွဲ့ထဲ ပြန်လှူတာလေ။ ဒါကြောင့်မို့လို့ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး မိသားစုအနေနဲ့ အာမခံပါတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့၊ ည ၇ နာရီဝန်းကျင်မှာ ဝိုင်လူးအပါအဝင် ခေါင်းစွပ်စွပ်ထားတဲ့ လက်နက်ကိုင် ၅ ယောက်က ကိုပင်လယ်လူကို သွားရောက်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်မှာ ဗိုလ်မုတ်ဆိတ်၊ ဝိုင်လူးနဲ့ ကပေါ့တို့ဆီကို မျှစ်ချဉ်စုရွာမှာ ကိုပင်လယ်လူကို လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ဗိုလ်မုတ်ဆိတ်၊ ဝိုင်လူးနဲ့ ကပေါ့တို့က ကိုပင်လယ်လူကို KNDO တပ်ခွဲ ၅ ဆီကို အပ်ဖို့ခေါ်လာတုန်း ခေါ်ဆောင်လာတဲ့ လမ်းတဝက် ရှမ်းဒွတ်အဖျား အရောက်မှာ သေးပေါက်ဖို့ အကြောင်းပြပြီး ထွက်ပြေးတဲ့ ကိုပင်လယ်လူကို ဗိုလ်မုတ်ဆိတ်နဲ့ ဝိုင်လူးတို့က သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ကျဆုံးခဲ့တယ်လို့ ဖော်ပြထား ပါသေးတယ်။
စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မေးမြန်းရာမှာ “ဒီစုံစမ်းစစ်ဆေးမှုကို ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးတာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး PRDF က ကိုသားကြီးက အမိန့်ပေး စေခိုင်းတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ကျနော်တို့က PRDF က တာဝန်ခံနဲ့ ကိုသားကြီးကိုရော စစ်ဆေးတယ်။ တခြားအဖွဲ့တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တပ်ခွဲမှူးတွေ၊ တပ်စုမှူးတွေနဲ့ ရွာသားတွေကိုလည်း မြေပြင်အထိ စစ်ဆေးမှုတွေလုပ်ပြီး ဒီရလဒ်ထွက်လာတာပါ။ ပြည်သူတွေထင်သလို တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်တာတွေလည်း မရှိသလို နောက်လည်း အဲလို ဖြစ်ရပ်မျိုးမရှိအောင် ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးရတာပါ” လို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တယောက်က “ကျမတို့မှာ ကိုကြီး သေနေတဲ့ ပုံတွေရှိတယ်။ ပုံထဲက သေနေတဲ့အနေအထားကို ကြည့်လို့ရတယ်လေ။ သူတို့က မြေပြင်မှာ အလုပ်လုပ်တဲ့သူဆိုတော့ ပိုပြီးသိမှာပါ။ သူတို့သဘောထားအပေါ်မှာ ကျမတို့ အနေနဲ့ လက်မခံနိုင်ဘူး။ သူတို့ စွပ်စွဲချက် တင်လိုက်တဲ့အတိုင်း နာခံရမယ်လို့ သဘောမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။
ကိုပင်လယ်လူကို ပစ်ခတ်ခဲ့တဲ့ တရားခံတွေရဲ့ထွက်ဆိုချက်အရ ကိုပင်လယ်လူဆီက 0.380 mm ပစ္စတိုတလက်နဲ့ ဖုန်း ၁ လုံးဖြစ်ပြီး တရာခံတွေဆီက M-16 တလက်၊ 0.380 mm ပစ္စတိုတလက်၊ ဖုန်းလေးလုံး၊ Icon ၃ လုံးအပါအဝင် တခြား ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
ကျူးလွန်ခဲ့သူတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအပြစ်ပေးအရေးယူမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒီဗွီဘီအနေနဲ့ မေးမြန်းခဲ့ရာမှာ KNDO တပ်ရင်း ၇ ဗိုလ်မှူးကျော်ထွန်းဆီ မေးမြန်းပါလို့ ပြန်လည်ဖြေဆိုခဲ့တာကြောင့် အသေးစိတ်သိနိုင်ဖို့ ဗိုလ်မှူးကျော်ထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဗိုလ်မှူးကျော်ထွန်းရဲ့ ညွှန်ကြားချက်အရ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့နဲ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပူးပေါင်းဖွဲ့စည်းခဲ့ပြီး အဲဒီအမှုကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်က စတင်စုံစမ်းခဲ့တယ်လို့ သိရပါတယ်။