Home
မြန်မာသတင်း
ဂန့်ဂေါ ပျူစောထီးရွာက ထွက်ပြေးလာသူများ အကူအညီလိုအပ်နေ
DVB
·
January 28, 2024
GantGaw People need help_28012024

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီး ကျေးရွာကနေ ထွက်ပြေးလာတဲ့ ပြည်သူအယောက် ၃၀၀ ကျော် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကနေ ဇန်နဝါရီ ၂၈ ရက်နေ့အထိ မြောက်ခင်ရန်း ကျေးရွာကနေ ထွက်ပြေးလွတ်မြောက်လာသူ အယောက် ၃၀၀ ဟာ မြို့နယ် ပအဖအဖွဲ့ရဲ့ထောက်ပံ့မှုနဲ့ နေထိုင် နေကြရတာ ဖြစ်ပါတယ်။

မြောက်ခင်ရန်းရွာသားတွေဟာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ ယာယီ နေထိုင်နေကြရပြီး ယာယီတဲတွေ ဆောက်လုပ်ကြဖို့နဲ့ စားရေးသောက်ရေးအတွက် ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “သူတို့ကို မြို့နယ်ပအဖ လူသားစာနာက နေရေးထိုင်ရေး စားရေးသောက်ရေး စီစဉ်ပေးပြီး လုံခြုံတဲ့နေရာမှာ ထားပေးတာပေါ့။ သူတို့က အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ခဲ့ရတာဆိုတော့ လိုအပ်ချက်က အများကြီးပေါ့။ လောလောဆယ် နေဖို့ ထိုင်ဖို့လိုတယ်။ ဒီဘက်မှာ အေးတော့ အဝတ်အစား အနွေးထည်တွေလိုတယ်” လို့ ပြောပါတယ်။

မြောက်ခင်ရန်ရွာသားတွေဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရဲ့ ဖိနှိပ်မှုအောက်မှာ မနေလိုတဲ့အတွက် ရွာပြင်ကို ထွက်ပြေးလာကြတာလို့ သိရပါတယ်။

ပအဖ တာဝန်ရှိသူတယောက်က “သူတို့တွေက ရွာအပြင်ကို မထွက်ရဘူး။ ပျူစောထီးတွေက တွေ့တယ်ဆို တခါတည်း ပစ်သတ်တာကို။ မြောက်ခင်ရန်း တရွာတည်းတင် ဖမ်းဆီးနှိပ်စက်တာ ပစ်သတ်ခံရတာကြောင့် သေတဲ့သူ ၄၊ ၅ ယောက် လောက်ရှိပြီ” လို့ ဆက်ပြောပါတယ်။

မြောက်ခင်ရန်းကျေးရွာမှာ လူဦးရေ ၄,၀၀၀ ကျော် နေထိုင်ကြပြီး စစ်အာဏာ သိမ်းပြီးကတည်းက စစ်ကောင်စီတပ်သားတွေက ပျူစောထီးရွာအဖြစ်သတ်မှတ်လိုက်တဲ့ အတွက် ရွာမှာမနေလိုဘဲ ထွက်ပြေးလာတဲ့ ပြည်သူ ၂,၀၀၀ နီးပါးရှိပြီလို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024