Home
မြန်မာသတင်း
ရေတာရှည်နှင့် ဘုတလင်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၁ ဦးသေ
DVB
·
January 28, 2024
Yay Tar Shay PDF_28012024
BuTaLinPDF_28012024

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ ပြည်သူတွေကို ဓားစာခံလုပ် ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကောင်စီ အထိုင်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

ရေတာရှည်မြို့နယ်မှာ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၆ ရက်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကဲလင်းဆိပ်ကျေးရွာက အရပ်သားပြည်သူတွေကို အတင်းအဓမ္မ ခေါ်ယူဖမ်းဆီးခဲ့သလို တချို့ပြည်သူတွေကို လက်ပြန်ကြိုးတုပ်ထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင်တဲ့ ရွာသားတချို့ကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ကဲလင်းဆိပ်ရွာ ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းဝင်းထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားတာကြောင့် တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေ မထိခိုက်အောင် ဂရုစိုက်ပြီး ၄၀-မမ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဟန့်တားပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ညဘက်မှာတော့ စစ်ကြောင်းတပ်စွဲထားတဲ့ အနီးဆုံးနေရာအထိ ဝင်ရောက်ပြီး  ရှေ့ထွက်မိုင်းကို ပြောင်းဆင်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ ည ၁၁ နာရီအချိန်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ပြည်သူတွေထဲက လူလတ်ပိုင်းနဲ့ ကျောင်းသားတွေကိုခေါ်ပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းက ကတို့ကုန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို ပုဝါနီစစ်ကြောင်း၊ နေပြည်တော် PDF၊ သံတောင်မြောက်ပိုင်း အထူးဒေသတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာတော့ စစ်ကောင်စီအထိုင်စခန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့  ဗုံးသီးကြဲချတာကို မျက်မြင်တွေ့ရတာဗျ။ မြေကြီးတွေပါ တုန်သွားတယ်။ ကနဦးက ကြောင်ပန်းဂိတ်ကို ဗုံးသီးကျ ပေါက်ကွဲတာ မြင်ရတယ်။ နောက်တကြိမ်ကတော့ ဘုတလင်-ကနီ-ကနဲ လမ်းဆုံ  ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗန္ဓုလရုပ်တုအနီး ချခံရတာ။ ကျနော်တို့ ပြည်သူတွေကတော့ အကုန်ကြောက်လန့်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်” လို့ ပြောပါတယ်။

အခု တိုက်ခိုက်ခံရတဲ့ ဘုတလင်မြို့ပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုဟာ ရေဦး-ဘုတလင်-မုံရွာနဲ့ ကနီ-ကနဲ-ဘုတလင်-မုံရွာသွား ကားလမ်းမပေါ်ကနေ လိုင်းကားနဲ့ ဒေသခံခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးပြီး ဆက်ကြေးကောက်ခံနေတဲ့ ဂိတ်တွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နင်ဂျာအဖွဲ့တာဝန်ရှိသူက “ဒီနေ့ ဘုတလင်မြို့ပေါ်က စစ်ကောင်စီဂိတ် ၂ ခုကို ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်ဗျ။ ကြောင်ပန်းဂိတ်က စစ်သားတဦးကတော့ နေရာတင် သေဆုံးတယ်ဗျ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကောင်တာပြန်တာတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးဗျ” လို့ ပြောပါတယ်။

အခု တိုက်ပွဲကို နင်ဂျာအဖွဲ့ရဲ့ Ninja Drone Team၊ SBDF အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024