ယာဂန်ကလော့ပ်ကို နည်းပြချုပ်တာဝန်ပေးအပ်ဖို့ ဂျာမနီလက်ရွေးစင်ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
လီဗာပူးနည်းပြဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပြီးနောက်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး မှန်းဆချက်အမျိုးမျိုး ထွက်ပေါ်လာခဲ့တာပါ။
ဂျာမနီ လက်ရွေးစင်ပရိသတ်တွေကတော့ အခုနှစ် ဇွန် ၁၅ ရက်မှာ အိမ်ရှင်နိုင်ငံအဖြစ် စတင်ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နည်းပြယာဂန်ကလော့ပ်ကို ဦးဆောင်စေဖို့ ဆန္ဒရှိနေကြတာပါ။
ဂျာမနီအသင်းကို လက်ရှိအချိန်မှာ နည်းပြနာဂယ်စ်မန်းက တာဝန်ယူနေပြီး ပုံစံကောင်း ပြသနိုင်ခြင်းမရှိသေးဘဲ နောက်ဆုံး ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားတာပါ။
နည်းပြကလော့ပ်ကတော့ လီဗာပူးကနေ ထွက်ခွာပြီးနောက်မှာ နည်းပြလောကထဲ ပြန်ဝင်ဖို့ မပြောနိုင်သေးကြောင်းနဲ့ သေချာတခုကတော့ လီဗာပူးအသင်းကလွဲပြီး အင်္ဂလန်က တခြား ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာမဟုတ်ကြောင်း ပြောထားပါတယ်။
ဂျာမနီအသင်းဟာ ယူရို ၂၀၂၄ မှာ ဟန်ဂေရီ၊ စကော့တလန်၊ ဆွစ်ဇာလန်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။
Photo-REUTERS/Carl Recine