စစ်တပ်ကို သတင်းပေးဖို့ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်း သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီ ၂၆ ရက်၊ နေ့လယ်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ ပါတီဥက္ကဋ္ဌတွေ တင်ပြခဲ့တဲ့ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းပေးပို့ရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီလိုဖွဲ့စည်းတဲ့အခါမှာ မြို့နယ်ထွေအုပ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့လုံခြုံရေး စနစ်မှာ ပူးပေါင်းရမှာဖြစ်ပြီး ကာကွယ်ရေးသင်တန်းတွေကိုလည်း တက်ရောက်ရမယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ တပ်ဖွဲ့ဝင်အင်အား နည်းပါးပြီး တပ်သားအသစ် စုဆောင်းမရလို့ အခုလို ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းမှပဲ ရမယ်လို့ ပြည်ထဲရေးနဲ့ နီးစပ်သူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အရင်ဆုံး သတင်းပေးတွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့မယ်။ အဲဒီ အဖွဲ့တွေကို စစ်သင်တန်းပေးမယ်။ ပြီးရင် ပြည်သူ့စစ်ထဲထည့်မယ်။ ဒီသဘောပဲ” လို့ ပြောပါတယ်။
အဲဒီနေ့က အစည်းအဝေးကို ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီကောင်စီ အဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ဧရာဝတီတိုင်း၊ ပဲခူတိုင်းနဲ့ နေပြည်တော် အစရှိတဲ့ ဒေသတွေက ကျေးရွာတွေမှာ ပြည်သူ့စစ်သင်တန်းအတွက် အတင်းအဓမ္မ လူစုဆောင်းနေပါတယ်။