Home
မြန်မာသတင်း
ပုသိမ်တွင် ကျွတ်ကျွတ်အိတ်သုံးသည့် ဈေးသည်များ ဖမ်းဆီးဒဏ်ရိုက်ခံရ
DVB
·
January 26, 2024
Pathine Market_26012024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စားသောက်ကုန်တွေကို ဖက်နဲ့ထုပ်ပြီး မရောင်းဘဲ ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပိုးရောင်းချတဲ့ ဈေးသည်တွေကို စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ခိုင်းနေတာကြောင့် ဈေးသည်တွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့မှာ အခုရက်ပိုင်းအတွင်း အသား၊ ငါးနဲ့ ကုန်စိမ်းတွေကို ဖက်နဲ့သာ ထုပ်ပိုးရောင်းချဖို့နဲ့ အထက်အမိန့်အရလို့ဆိုကာ စည်ပင်ဝန်ထမ်းတွေက ဈေးသည်တွေကို ပြောဆိုပြီး ကျွတ်ကျွတ်အိတ်နဲ့ ထည့်ရောင်းနေတဲ့ ဈေးသည်တွေကို ဖမ်းဆီးပြီး ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ကာ ငွေကျပ် ၁၀,၀၀၀ ကနေ ၂၅,၀၀၀ အထိ တောင်းယူနေတာလို့ သိရပါတယ်။

ပုသိမ်မြို့က အသားငါးရောင်းတဲ့ ဈေးသည် အမျိုးသမီးတယောက်က “လိုက်ဖမ်းတဲ့ စည်ပင်ဝန်ထမ်းတွေက ဖက်နဲ့ထုပ်ပိုးရောင်းချကြဖို့ ညွှန်ကြားထားတာရှိလို့တဲ့ ပြောတာပဲ။ နောက်ပြီး ပလတ်စတစ် အသုံးပြုမှု လျော့နည်းစေဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တားဆီးဖို့ဆိုပြီး ပြောပြန်တာပဲ။ ဖမ်းတာကလည်း ပြောမနေနဲ့၊ အနုကြမ်း စီးနေသလိုပဲ။ အခုရက်ပိုင်းမှာ အလစ်အလစ် ဝင်ပြီး ခပ်စိပ်စိပ်ဖမ်းလာတယ်။ ဒဏ်ငွေကလည်း ရိုက်တာတဲ့ ၂၅,၀၀၀ အထိ တောင်းယူနေတာ။ ကိုယ့်လုပ်စာ ကိုယ်မစားရတော့ဘူး” လို့ ပြောပါတယ်။

အသား၊ ငါးနဲ့ ကုန်စိမ်းတွေကို ဖက်နဲ့ထုပ်ရောင်း၊ မရောင်း အရင်ရက်တွေက ဖမ်းဆီးစစ်ဆေးတဲ့အခါ စည်ပင်ဝန်ထမ်းတွေသာ လုပ်ဆောင်နေတာဖြစ်ပြီး အခုရက်ပိုင်းမှာ ရဲတွေပါ တင်းတင်းကျပ်ကျပ် လိုက်လံစစ်ဆေး ဖမ်းဆီးနေတာလို့ ဈေးသည်တွေက ဆိုပါတယ်။

ပုသိမ်မြို့က ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတယောက်က“ပညာပေးလောက် လုပ်ရင် တော်သေး၊ အခုက ငွေညှစ်မယ် ဆိုတာကြီးပဲ။ ကျွတ်ကျွတ်အိတ်နဲ့ ရောင်းတဲ့ဆိုင်၊ ဖက်နဲ့မရောင်းတဲ့ဆိုင်ကို ဖမ်းဖို့ ဈေးဝယ်လာတဲ့ ဈေးဝယ်သူတွေရဲ့ လက်တွေကို စောင့်ကြည့်နေတာပဲ။ ကျွတ်ကျွတ်အိတ်နဲ့ အသားတွေထည့်လာတာ တွေ့တာနဲ့ ဓားပြတွေလို အတင်းလိုက်တာ။ စိတ်ပျက်ဖို့လည်း ကောင်းလာတယ်။ ဖက်နဲ့ ထုပ်မရောင်းတဲ့ဆိုင်ကို မဝယ်ဖို့ ကျွတ်ကျွတ်အိတ်နဲ့ ဈေးရောင်းတဲ့ဆိုင်က လူသတ်သမားဆိုင်တဲ့။ လာဝယ်တဲ့ ဈေးဝယ်သူနဲ့ ရောင်းသူကို တိုက်ပေးသလိုပဲ။ ဈေးသည်တွေလည်း အခက်အခဲဖြစ်နေပြီ။ စည်ပင်ဝန်ထမ်းတွေက ဈေးအဝင်ပေါက်တွေမှာ အရပ်ဝတ်တွေနဲ့ စောင့်နေတာ” လို့ ပြောပါတယ်။

ပုသိမ်က ဈေးတွေမှာ အခုလို ဖမ်းဆီးတာတွေကို ဈေးသည်တွေအပြင် လာဝယ်တဲ့ ဈေးဝယ်သူတွေကိုပါ ကျွတ်ကျွတ်အိတ်နဲ့ထည့်ပေးရင် လက်ခံတာကြောင့်ဆိုကာ ဖမ်းဆီးလာပြီး လက်ရှိမှာတော့ ဈေးအရောင်းအဝယ်ပါ ကျဆင်းလာတယ်လို့ သိရပါတယ်။

အဲ့ဒီ ပုသိမ်မြို့မှာ ရွှေပြည်သာဈေးကြီးနဲ့ မြို့မဈေးကြီးအပြင် စည်ပင်သာယာကော်မတီက ခွင့်ပြုထားတဲ့ ရပ်ကွက်တွေထဲက ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးပေါင်း ၈ ခုအထိ ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024