မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း ဂယ်ရဲရိုးပြည်နယ်က အာယာဟွယ်လ်တမ်းပါး တောင်ပေါ်ကျေးရွာတရွာမှာ ဒေသတွင်း ပြန်ပေးဆွဲမှုတွေကြောင့် အသက် ၁၂ နှစ်လောက်ထိ ငယ်ရွယ်တဲ့ ကျောင်းသားကျောင်းသူတွေ အပါအဝင် စေတနာ့ဝန်ထမ်း ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားရပါတယ်။
ဒါဟာ နိုင်ငံရဲ့ တချို့နေရာတွေမှာ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရုန်းကန်နေရတဲ့ နောက်ဆုံးပေါ် ကြိုးပမ်းမှုတရပ်လည်း ဖြစ်ပါတယ်။ မျက်နှာတွေကို ဖုံးအုပ်ထားကြတဲ့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ ရိုင်ဖယ်သေနတ်တွေနဲ့ တုတ်တွေကို ကိုင်ဆောင်ပြီးတော့ ကင်းလှည့်ကြရပါတယ်။
အရွယ်မရောက်သေးသူတွေလည်း စေတနာ့ဝန်ထမ်း ရဲအင်အားကို ဖြည့်တင်းပေးနေကြောင်း ရပ်ရွာရဲတပ်ဖွဲ့ဝင် လူးဝစ်စ် မိုရာလက်စ်က ပြောကြားပါတယ်။
အသက်အကြီးဆုံး ၁၄ နှစ်၊ ၁၃ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေက လက်နက်ကို ဘယ်လိုသုံးရမယ်ဆိုတာ သိပြီးသားဖြစ်ပြီး ရပ်ရွာရဲတွေဆီကနေ လေ့ကျင့်သင်ကြားမှုတွေ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
ကလေးတွေ လက်နက်ကိုင်တဲ့ကိစ္စ အစိုးရကို ပြောထားပြီးသားဖြစ်သလို တရားဝင်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေအနေနဲ့ အင်အားကြီး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို တန်ပြန်ဖို့ ရုန်းကန်နေရတဲ့ ဂယ်ရဲရိုးပြည်နယ်မှာ အရွယ်မရောက်သေးသူတွေ လက်နက်ကိုင်ဆောင်တာဟာ ပထမဆုံးအကြိမ်တောင် မဟုတ်ပါဘူး။
မက္ကဆီကိုရဲ့ အဆင်းရဲဆုံးပြည်နယ်တွေထဲက တခုဖြစ်တဲ့ ဂယ်ရဲရိုးမှာ မကြာသေးခင်က အကြမ်းဖက်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။
ဇန်နဝါရီလ အစောပိုင်းက မီချွာကန်နာ မိသားစု မူးယစ်ရာဇဝတ်ဂိုဏ်းက ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၀ လောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
အာယာဟွယ်လ်တမ်းပါး ကျေးရွာမှာ ဒေသခံမိသားစု ၄ ဦးဟာ သောကြာနေ့ကတည်းက ပြန်ပေးဆွဲခံရပြီးနောက် ပျောက်ဆုံးနေကြောင်း ဂယ်ရဲရိုး ပြည်နယ်အစိုးရ ရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters