မလေးရှားနိုင်ငံမှာ ဇန်နဝါရီ ၁၄ ရက်က ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် အေမီဈာန် အပါအဝင် ၃ ဦးကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းဆီက သိရပါတယ်။
မလေးရှားမှာနေထိုင်တဲ့ မြန်မာတဦးက “အေမီဈာန် အပါအဝင် သုံးယောက်တော့ ပြန်လွတ်လာပြီ။ ဖူးပွင့်ခိုင်ကိုတော့ ချုပ်ထားတုန်းပဲ။ သူက ဆေးကျထားတာရှိတော့ တခြားအမှုရှိသေးလားဆိုတာ သေချာမသိရသေးဘူး။ ပြန်လည်လွတ်မြောက်ခဲ့တဲ့ သရုပ်ဆောင် အေမီဈာန်က လက်ရှိမှာ ကျန်းမာရေးလည်း ကောင်းပါတယ်၊ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူ့ကို ကွာလာလမ်ပူကို ပြန်ပို့လိုက်ပြီ” လို့ ပြောပါတယ်။
မလေးရှားနိုင်ငံအတွင်း အော်ပရာဇီ အဖမ်းအဆီးကြမ်းနေချိန် ရှိုးပွဲပြုလုပ်တာဟာ အဖမ်းအဆီးခံရနိုင်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတိပေး ရေးသားခဲ့ပြီးနောက် ဘာတာဝပ်မြို့ ဖျော်ဖြေပွဲမှာ ဖျော်ဖြေခဲ့တဲ့ မော်ဒယ် ဖူးပွင့်ခိုင်၊ သရုပ်ဆောင် အေမီစျာန် အပါအဝင် လာရောက်ကြည့်ရှုခဲ့တဲ့ မြန်မာနိုင်ငံသား ၅၂ ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။
Photo - လူမှုကွန်ယက်စာမျက်နှာ