ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်က ချိပ်ပိတ်ခံထားရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နောင်ခိုရပ်ကွက်ရှိ ချိပ်ပိတ်ထားတဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “အိမ်က ချိပ်ပိတ်ခံထားရတာ ကြာပြီ။ နေအိမ်ရဲ့ မီးလိုင်းတွေလည်း ချိပ်ပိတ်ကတည်းက ဖြုတ်ထားတာ။ အဲ့ဒါ မနက် ၁ နာရီလောက် အိမ်ဘေးပတ်လည်က စလောင်တာ။ အိမ်ထဲက စလောင်တာမဟုတ်ဘူး။ အပြင်ကနေ မီးရှို့သွားတာ တအိမ်လုံးကုန်တာပဲ။ ဘေးအိမ်တွေ မကူးအောင် မီးသတ်ကားတွေနဲ့ ရေပတ်တာတော့ရှိတယ်။ ဘယ်အဖွဲ့ရှို့တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ စစ်ကောင်စီတပ်က ချိပ်ပိတ်ထားခဲ့တဲ့အတွက် မိသားစုဝင်တွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ဦးဇော်သင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗန်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ကာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့ပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလ စစ်ကောင်စီ အာဏာသိမ်းစဉ် တိမ်းရှောင်နေခဲ့ပြီး အခုအခါ နေအိမ်မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။