မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၂၄ ရက်မှာ အနောက်ဘက်ကမ်းရိုးတန်းကနေ ကမ်းလွန်ပင်လယ်ထဲကို ခရုဇ်ဒုံးကျည်တွေ အတော်များများ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ် JCS က ပြောပါတယ်။
ဒုံးကျည်တွေကို ဒေသစံတော်ချိန် မနက် ၇ နာရီမှာ ပစ်ခတ်ခဲ့တာလို့ အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ခွဲခြမ်းစိတ်ဖြာ အတည်ပြုခဲ့တယ်လို့ JCS က ကြေညာချက် ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့လည်း JCS က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲ စစ်ရေးလှုပ်ရှားမှု တိုးလာလို့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုတိုးလာနေတာပါ။
ဒီလအစောပိုင်းမှာ တာလတ်ပစ် လောင်စာအခဲသုံး ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောခဲ့ပါတယ်။
ဒီလုပ်ရပ်ကို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် အခုတခါ ခရုဇ်ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters