၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ လူထုအုံကြွမှုနဲ့အတူ ဆန့်ကျင်ခဲ့တာကြောင့် နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး နိုင်ငံတဝန်းမှာ အခြေခံပညာကျောင်းတွေနဲ့ အဆင့်မြင့်ပညာကျောင်းတွေကို ၂၀၂၁ ခုနှစ် နှစ်ကုန်ခါနီးလောက်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အဲ့ဒီပညာသင်နှစ်မှာ တနိုင်ငံအတိုင်းအတာနဲ့ အခြေခံပညာ ကျောင်းသား ကျောင်းသူ ၃ သိန်းလောက်ပဲ ကျောင်းတက်ရောက်ခဲ့ကြပြီး နိုင်ငံရေးအခြေအနေကြောင့် သန်းနဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းတက်ရောက်တာမျိုး မရှိခဲ့ဘူးလို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပညာရေးဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အာဏာမသိမ်းခင်က ၂၀၂၀-၂၁ ပညာသင်နှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာကျောင်းပေါင်း ၄၇,၀၀၀ ကျော်ရှိခဲ့ပြီး အဲ့ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူ ၉ သန်းကျော်လောက် ကျောင်းတက်ခဲ့ကြကာ အာဏာသိမ်းပြီးနောက်ပိုင်း ယခုပညာသင်နှစ် ဖြစ်တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ ကျောင်းသားဦးရေဟာ ၇ သန်းကျော်ပဲရှိတယ်လို့ အဆိုပါ ပညာရေးဌာနရဲ့ ထုတ်ပြန်ဖော်ပြမှုတွေအရ သိရပါတယ်။
NLD အစိုးရလက်ထက်ရဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်နှစ် ၁ နှစ်ကို ကျောင်းသား ကျောင်းသူ တိုးတက်မှုက ၁ နှစ်ကို ၁ သန်းလောက်အထိ တိုးတက်မှုရှိခဲ့တာကြောင့် ၂၀၂၁-၂၂ ပညာသင်နှစ်ကနေ အခုပညာသင်နှစ်အထိ ပုံမှန်ကျောင်းနေနှုန်းတွေကို တွက်ချက်ကြည့်မယ် ဆိုရင် အခုနှစ်မှာ ကျောင်းသား ကျောင်းသူ ၁၂ သန်းလောက်အထိ ရှိနေရမှာဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်မှာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း၊ အတွဲ ၁ အစီအရင်ခံစာကို ပြုစုရာမှာ ပါဝင်ခဲ့ဖူးတဲ့ ညွှန်ကြားရေးမှူး(ငြိမ်း) တဦးက ပြောပါတယ်။
“အရင်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း ကျောင်းနေရွယ်ကလေးတွေ အားလုံး ကျောင်းကို ရောက်လာဖို့၊ မသင်မနေရ အခမဲ့မူလတန်းဖြစ်ဖို့အတွက် ဆောင်ရွက်ခဲ့တော့ အသက် ၅ နှစ်ပြည့်ပြီး ကလေးတွေ ကျောင်းဝင်နှုန်းတွေက တော်တော်လေး တိုးလာတယ်။ ကျောင်းအပ်နှုန်းက အသက် ၅ နှစ်အရွယ် ကလေး အယောက် ၁၀၀ မှာ ၉၀ လောက်က KG ကို ကျောင်းသားသစ်အဖြစ် အပ်ကြတယ်လို့ ကျနော်တို့ ကောက်ယူဖူးတဲ့ စစ်တမ်းတခုမှာ ဖော်ပြထားတယ်။ ဒီအချက်ကို အခြေခံပြီး တွက်ကြည့်ရင် ၁ နှစ်ကို ကျောင်းသားအသစ် ဝင်ရောက်နှုန်းက သိန်းနဲ့ချီပြီးရှိတယ်။ ဒီနောက်ပိုင်း နိုင်ငံရေးအခြေအနေအရ စစ်တပ်လက်အောက်က ပညာရေးကို မသင်ချင်ဘူး၊ ကျောင်းမအပ်ဘူးဆိုတဲ့ ကိစ္စတွေ ဖြစ်လာတော့ ကျောင်းဝင်နှုန်းတွေက လျော့ကုန်တော့တာပေါ့” လို့ အဆိုပါ ညွှန်ကြားရေးမှူးက ရှင်းပြပါတယ်။
အရင်က အခြေခံပညာမှာ ၁၀ တန်းအထိသာ ရှိခဲ့ပေမဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်က ၉ သန်းကျော်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပညာသင်နှစ်မှာ အတန်း ၁၂ အထိ တက်ရောက်နေရတဲ့ စနစ်သစ်ပညာရေးမှာ တက်ရောက်တဲ့ အရေအတွက်က ၇ သန်းကျော်လောက်ပဲ ရှိတော့တာဟာ CDM ကျောင်းသား ကျောင်းသူတွေ၊ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ဘေးရှောင်ရတဲ့ အခြေအနေတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အညာဒေသက တော်လှန်ရေး အင်အားစုတွေရဲ့ နယ်မြေစိုးမိုးနိုင်မှု အခြေအနေတွေကြောင့် အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်နှုန်းတွေ လျော့နည်းသွားတဲ့ အကြောင်းအရင်းတွေကလည်း ရှိနေသေးတယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။
ဒီလို စစ်တပ်လက်အောက်ခံ ကျောင်းတွေမှာ မတက်ရောက်လိုတဲ့ နယ်ပယ်အသီးသီးက ကျောင်းသား ကျောင်းသူတွေကို ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် NUG ပညာရေးဌာနက စိုးမိုးနယ်မြေတွေမှာ ကျောင်းတွေဖွင့်လှစ်ပြီး CDM ဆရာ ဆရာမတွေနဲ့ ပညာသင်ယူခွင့် ဆက်လက်ရရှိအောင် ဆောင်ရွက်နေတာမျိုးတွေ ရှိနေပါတယ်။
စိုးမိုးနယ်မြေတွေမှာ ပညာဆက်လက်သင်ကြားခွင့် ရနေတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်က ဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုနိုင်သေးပေမဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက ကျောင်းဖွင့်ပြီး သင်နိုင်တဲ့ အရေအတွက်ဟာ သောင်းဂဏန်းဝန်းကျင်တော့ ရှိနိုင်တယ်လို့တော့ မူလတန်းပြ CDM ဆရာမတဦးက ခန့်မှန်း ပြောဆိုထားပါတယ်။
“ဒီနှစ်ဆိုရင် အခြေခံပညာ ကျောင်းသား ကျောင်းသူ အရေအတွက်က ၁၀ သန်းကျော်လောက် ရှိနေရပြီလို့ ခန့်မှန်းလို့ရပါတယ်။ ပုံမှန်အခြေအနေတိုင်းဆိုရင် ပြောတာပါ။ ပုံမှန်နှစ်တွေမှာဆိုရင် ကျောင်းဝင်နှုန်း၊ ကျောင်းအပ်နှုန်းက မူလတန်းက အများဆုံးပဲ။ အလယ်တန်း၊ အထက်တန်း ဆိုတာက အတန်းကူးပြောင်းနှုန်း၊ ကျောင်းထွက်နှုန်းတွေနဲ့ ပြန်ကြည့်ရင် စုစုပေါင်း မူလတန်းကျောင်းသား အရေအတွက်ကို မမီဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မူလတန်းကျောင်းသားသစ် အရေအတွက်၊ မူလတန်းကျောင်းသားတွေ ကျောင်းအပ်နှုန်း၊ ကျောင်းနေနှုန်းတွေက အလယ်တန်း၊ အထက်တန်းတွေထက် အများဆုံးပဲ။ ဒီလို ကျောင်းတက်နှုန်းတွေ လျော့သွားတာ စစ်ကျွန်ပညာရေးလက်အောက်မှာ ကျောင်းမထားလိုတဲ့ မိဘတွေရှိမယ်၊ ကျောင်းဆက်မတက်လိုတဲ့ ကျောင်းသားတွေရှိမယ်၊ စစ်ဘေးရှောင်နေရတဲ့ ကျောင်းသားတွေရှိမယ်။ ဒီလိုအကြောင်းတွေကြောင့် လုံခြုံမှုမရှိတဲ့ နေရာတွေကြောင့် ကျောင်းနေနှုန်းတွေ လျော့နည်းသွားတာလို့ ပြောလို့ရပါတယ်။ ဒီအခြေအနေတွေကို NUG ဘက်က ကုစားဖို့ ဖက်ဒရယ်စကူးတွေ၊ အွန်လိုင်းနဲ့ သင်ကြားတာတွေနဲ့ ကုစားဖို့ ကြိုးစားပေမဲ့ တချို့နေရာတွေမှာက ပညာသင်ခွင့်ရှိသူတိုင်း တက်လို့ အဆင်မပြေကြဘူး။ အဲ့ဒါကြောင့်လည်း ပညာသင်ခွင့် ဆုံးရှုံးနေရတာဟာ အာဏာသိမ်းတာ ကြာလေလေ ပညာသင်ခွင့်ဆုံးရှုံးတာတွေက ဖြစ်နေဦးမှာပါ” လို့ အဆိုပါ CDM ဆရာမက ပြောဆိုပါတယ်။
အာဏာသိမ်းတဲ့ ၃ နှစ်တာကာလအတွင်း အခြေခံပညာကျောင်းတွေက ကျောင်းသား ကျောင်းသူတွေသာ မကဘဲ အဆင့်မြင့်ပညာရေးက တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေပါ ပညာသင်ခွင့် ဆုံးရှုံးနေရဆဲ ဖြစ်ပြီးတော့ အဆင့်မြင့်ပညာမှာဆိုရင် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ၄၀ ကျော်၊ နည်းပညာတက္ကသိုလ် ၄၀ ကျော်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးတက္ကသိုလ် အစရှိတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေ အသီးသီးကို သွားရောက်ပြီး တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြပါတယ်။
အဆင့်မြင့်ပညာမှာ CDM ပြုလုပ်ထားတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မသိရပေမဲ့ အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား ကျောင်းသူ အရေအတွက် ၃ သိန်းကျော်လောက်ထဲက ၂ သိန်းခွဲလောက်ဟာ ဝိဇ္ဇာ/သိပ္ပံ နေ့သင်တန်း၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေကို ဝင်ခွင့်ရရှိခဲ့ပြီး ကျန်တဲ့ ၅ သောင်းဝန်းကျင်လောက်ကတော့ အဝေးသင်တက္ကသိုလ်တွေကို ဝင်ရောက်ခွင့် ရခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူ ၁ သိန်းခွဲလောက် အောင်မြင်ခဲ့ပေမဲ့ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တွေကို ဝင်ရောက်ခွင့်ရတဲ့ အရေအတွက်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၂ သောင်းကျော်သာ ရှိတာကြောင့် အဆင့်မြင့်ပညာမှာလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေဆဲဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေဆဲဖြစ်တာကို မြင်ရတယ်လို့ မှော်ဘီ နည်းပညာတက္ကသိုလ်က CDM ကျောင်းသားတဦးက ပြောပါသေးတယ်။
“ကျနော်က နောက်ဆုံးနှစ်ပါ။ သူများတွေ နောက်ဆုံးနှစ်တက်ပြီး အလုပ်အကိုင်တွေရတဲ့အချိန် ဘာလို့ ကျောင်းပြီးအောင်မတက်ဘဲ ဒီတိုင်းနေရတာလဲဆိုရင် ကျနော် ရှက်လို့ပါ။ နောင်တချိန်ကျရင် ကျနော့်ဘွဲ့လက်မှတ်မှာ ဘယ်နှစ်ခုနှစ်မှာ အောင်တယ်ဆိုတာ ပါလာမယ်။ တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးမှာ ကျနော် အစိုးရဝန်ထမ်း လျှောက်တာဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းအလုပ် လျှောက်တာဖြစ်ဖြစ် ကျနော့်ဘွဲ့လက်မှတ်ကို ကြည့်လိုက်တဲ့ အချိန်ကျရင် မင်းက စစ်ကျွန်ပညာရေးအောက်မှာ ဘွဲ့ရခဲ့တာပဲလို့ အမြင်ခံရမှာကို ကျနော်ရှက်တယ်။ အိမ်ကလည်း ကျောင်းပြီးအောင်တက်ဖို့ အတင်းမတိုက်တွန်းဘူး” လို့ အဲ့ဒီ CDM ကျောင်းသားက သူ့ရဲ့ရပ်တည်ချက်ကို ရှင်းပြပါတယ်။
လက်ရှိ တော်လှန်ရေးရေချိန် မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီဘက်က နယ်မြေဆုံးရှုံးမှုတွေ ပိုမိုများပြားလာပြီး စစ်မက်ဖြစ်ပွားရာဒေသက ကျောင်းတွေကလည်း ကျောင်းဆက်လက်မဖွင့်နိုင်တော့ဘဲ ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း တဖြည်းဖြည်း တိုးလာနေတာကို မြင်တွေ့နေရပါတယ်။
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို ဥပမာပေးရမယ်ဆိုရင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အဲ့ဒီတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ တချို့တဝက်ကတော့ တောင်ကြီးတက္ကသိုလ်မှာ တက်ရောက်ခွင့်ရပေမဲ့ တချို့ ကျောင်းသား ကျောင်းသူတွေကတော့ ပညာသင်ခွင့် ဆုံးရှုံးနေပြီလည်း ဖြစ်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာတည်မြဲရေးကို ဆက်လက်ဆုပ်ကိုင်ထားဦးမယ်ဆိုရင် အာဏာသိမ်းချိန် ၁ နှစ်တိုးတိုင်း သန်းနဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း ပညာသင်ခွင့် ဆုံးရှုံးနေရမှာ ဖြစ်သလို အရည်အချင်းရှိပြီး နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် ကျောင်းသား ကျောင်းသူတွေဟာ တခြားနိုင်ငံတွေအတွက် လူသားအရင်းအမြစ်တွေသာ ဆက်လက်ဖြစ်နေကြရဦးမှာပါ။
အောင်ကြီး