ချင်းပြည်ချင်းလန်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ ချင်းလန်းကောင်စီဟာ အဲဒီဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ချင်းပြည် ချင်းလန်း လွှတ်တော်၊ ချင်းပြည် ချင်းလန်းအစိုးရနဲ့ ချင်းပြည် ချင်းလန်း တရားလွှတ်တော်ချုပ်တွေကို ဖွဲ့စည်းပေးရမှာပါ။
ချင်းပြည်ချင်းလန်းကောင်စီဟာ ဒီလထဲမှာတော့ ချင်းပြည်ချင်းလန်း အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းသွားဖို့ ဆောင်ရွက်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ တာဝန်ယူကြမယ့်သူတွေကိုလည်း ရွေးချယ်မှုတွေ ဆောင်ရွက်နေတယ်လို့ ချင်းပြည်ချင်းလန်းကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။
ချင်းပြည်ချင်းလန်း ဖွဲ့စည်းပုံအရ အမျိုးသမီးပါဝင်မှုတွေကို တိုးမြှင့်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားတာကြောင့် ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့မှာလည်း အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုတွေလည်း ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခန်း ၁၀ ခန်း ပါရှိပြီး ချင်းပြည်(Chinland) အစိုးရအဖွဲ့ ရုံးစိုက်မယ့်မြို့ကို ချင်လုံမြို့လို့ သတ်မှတ်ထားပေမဲ့ အဲဒီမြို့ဟာ ချင်းပြည်နယ်ရဲ့ဘယ်နေရာမှာ ရှိသလဲဆိုတာကို လုံခြုံရေးအရ ပြောဆိုထားခြင်းမရှိပါဘူး။
ချင်းပြည်(Chinland)အစိုးရအဖွဲ့ရဲ့ ရုံးသုံးဘာသာစကားကို ချင်းဘာသာစကား မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား သုံးမျိုးကို အသုံးပြုသွားမှာဖြစ်ပြီး ချင်းပြည်(Chinland)ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် ချင်းပြည်(Chinland) အစိုးရအဖွဲ့ဟာ ချင်းပြည်နယ်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ကဏ္ဍအားလုံးကို ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ချင်းပြည်ချင်းလန်းကောင်စီမှာ ပါဝင်လာခြင်းမရှိသေးတဲ့အစုအဖွဲ့တွေ သက်ဆိုင်ရာမြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး မကြာခင်မှာ ဆွေးနွေးသွားကြဖို့ ရှိနေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ချင်းပြည်ချင်းလန်းကောင်စီ ညီလာခံကို ချင်းပြည်ချင်းလန်းအစိုးရ ရုံးစိုက်မယ့် ချင်းလုံမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ညီလာခံကို ချင်းလန်းကောင်စီအဖွဲ့ဝင် ၈၃ ယောက် တက်ရောက်ခဲ့ပြီး မြို့နယ် ၃ မြို့နယ်က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက်က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။