ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မကြာမီ မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းဆီ သွားရောက်လည်ပတ်ဖို့ ရည်ရွယ်ထားတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်ရုပ်သံ KRT က ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားနိုင်ငံဆီ လာလည်ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွေးဆွန်းဟီးနဲ့ တွေ့ချိန်မှာ မြောက်ကိုရီးယားဆီ လာလည်ဖို့ ဖိတ်တဲ့အတွက် ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ကျေးဇူးတင်ခဲ့တယ်လို့ KRT က ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားကို ထောက်ခံမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် မြောက်ကိုရီးယားကို ရုရှားနိုင်ငံက ကျေးဇူးတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒေသရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူရင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ရာ အခွင့်အရေးတွေကို ဆန့်ကျင်ရန်စတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြခဲ့တယ်လို့ KCNA က သတင်းထုတ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ရော တခြား နိုင်ငံတကာ ဥပဒေတွေမှာပါ ထည့်သွင်းဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီလိမ့်မယ်လို့လည်း မြောက်ကိုရီးယားသတင်းမှာ ဖော်ပြပါတယ်။
Source/Photo-Reuters