၂၀၂၂-၂၃ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်ဘဲ ကုန်ကြမ်းမရှိတာကြောင့် နိုင်ငံတဝန်း ဆန်စက်၊ ဆီစက်တွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေတွေဖြစ်ပေါ်နေသလို နယ်စပ်ကုန်သွယ်ရေး ဂိတ် ၁၄ ခုမှာလည်း ပုံမှန်ကုန်စည်စီးဆင်းမှုမရှိတော့တာကြောင့် တနိုင်ငံလုံး ကုန်သွယ်ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျနေပါတယ်။
နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ၂၀၂၂-၂၃ စိုက်ပျိုးရာသီမှာ နိုင်ငံတဝန်း စိုက်ပျိုးမြေဧက စုစုပေါင်း ၃၄ သန်းကျော်ထဲက ၂၀ ရာခိုင်နှုန်းဝန်းကျင်ပဲ စိုက်ပျိုးရေးလုပ်နိုင်ခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ မြေယာအရေးလေ့လာသူတွေက ပြောပါတယ်။
မိုးစပါးစိုက်ဧက ၃ ဒသမ ၈ သန်းကျော်ရှိတဲ့ ဧရာဝတီတိုင်းတခုတည်းမှာသာ ၇၀ ရာခိုင်နှုန်းဝန်းကျင် စပါးအထွက်နှုန်းရှိခဲ့တာပါ။
ရေတင်တာနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေမှာအသုံးပြုဖို့ စက်သုံးဆီလိုအပ်ချက်နဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုတွေ အဆမတန်ဈေးတက်ခဲ့တာကြောင့် နိုင်ငံတဝန်း စိုက်ပျိုးရေးလုပ်ငန်းတွေ အထိနာခဲ့ရပါတယ်။
ဒို့မြေကွန်ရက် ဦးဆောင်သူ မောင်စစ်ငြိမ်းက "ဧရာဝတီတို့ မွန်တို့ ရခိုင်တို့ မန္တလေးတို့ဆိုရင် ကျနော်တို့လည်း တချို့အဆက်အသွယ်မရဘူး။ ရထားတဲ့အနေအထားအရတော့ စိုက်ထားတဲ့ အဟောင်းပဲရှိတယ် အသစ်လုံးဝ မစိုက်နိုင်တော့ဘူးဆိုတဲ့ဟာမျိုးဖြစ်တယ်ပေါ့။ ပဲခူးတို့၊ ချင်းတို့၊ ကရင်တို့၊ ရှမ်းတို့၊ မကွေးတို့၊ ကရင်နီတို့ကြတော့ နည်းနည်းလေးပြန်စိုက်နိုင်တယ်၊ ၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း လောက်ပေါ့။ စစ်ကိုင်းဆိုရင်လည်း ထပ်စိုက်နေဆဲက လက်ရှိ အကောင်အထည်ဖော်နေတာက ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းလောက်ပဲ မြင်ရတဲ့ဟာမျိုးပေါ့လေ" လို့ ပြောပါတယ်။
လုံခြုံရေးအရ မြေပြင်က တိကျတဲ့ သတင်းအချက်အလက်တွေမရတာ၊ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ ရှေ့ရေးအတွက် မတွက်ချက်နိုင်တာဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ပိုပြီးခက်ခဲစေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဆန်စပါးအတွက်အရေးပါတဲ့ မုံရွာ-ပုသိမ် ကုန်စည်စီးဆင်းမှုလမ်းကြောင်းတလျှောက်မှာ ကုန်ကြမ်းစပါးကို ကောင်းကောင်း မစိုက်ပျိုးနိုင်ခဲ့တာ၊ အဖမ်းအဆီး အကန့်အသတ်တွေ များခဲ့တာကြောင့် စပါးကုန်သည်တွေဟာ အလုပ်မဖြစ်ဘဲ အရှုံးပေါ်တာက များခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဘိုနယ်စပါးပွဲစားတဦးက "စပါးကိုဝယ်လို့ရတော့လည်းပဲ ဆန်ကြိတ်လိုက်တယ်။ ဆန်ကြိတ်ပြီးတော့အခါကြတော့လည်း ရောင်းလို့ချလို့ အဆင်မပြေတာ။ ငွေရှိသလောက် မဝယ်နိုင်ဘူးဗျ။ တချို့နေရာတွေမှာ စပါးကျီတွေ စပါးတိုက်တွေအပါအဝင် အကုန်လုံး မီးရှို့ခဲ့တဲ့အခါမှာကြတော့ စပါးဝယ်ယူရေးမှာ ကျနော်တို့ အခက်အခဲရှိတယ်။ စပါးဆိုရင် အရင်တုန်းက သောင်းချီပြီးတော့ ဝယ်လို့ရတယ်ပေါ့။ အခုအချိန်မှာတော့ ထောင်ဂဏန်းတောင်မှ ကျနော်တို့ဝယ်ဖို့ သိပ်အဆင်မပြေဘူးဖြစ်တယ်။ စစ်သားတွေ၊ ပျူတွေ ပေါင်းမိသွားတဲ့ အချိန်ဆိုရင်တော့ အဲ့ဒါပြေးမလွတ်တော့ဘူး ရွေးရတယ်။ တခါတလေ မောင်းသွားတဲ့ စပါးကား လိုက်ခေါ်သွားပြီးရွေးခိုင်းတယ်။ တခါတလေ သွားရွေးရင် အဆင်ပြေတယ်၊ တခါတလေ အရွေးကို မခံတော့ဘဲနဲ့ သိမ်းလိုက်တာမျိုးတွေခံရတယ်ဗျ။ ကျနော်တို့အနေနဲ့ လုပ်ဖို့ကိုင်ဖို့ရာ တော်တော်လေးခက်ခဲသွားတာပေါ့ဗျာ" လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ မိုးစပါးစိုက်ပျိုးဧက ၁ သန်းနီးပါး၊ ဆီထွက်သီးနှံ ဧက ၁ ဒသမ ၁ သန်းရှိပေမဲ့ မစိုက်ပျိုး မသိုလှောင်နိုင်ခဲ့တာ၊ ဝမ်းစာစပါးနဲ့ ကောက်ပဲသီးနှံတွေ မီးလောင် ပျက်စီးခဲ့တာတွေကြောင့် စီးပွားဖြစ် ဆန်စက်၊ ဆီစက်တွေ ရပ်ဆိုင်းနေကြပါတယ်။
ဆီထွက်သီးနှံ ပဲ၊ နှမ်း အဓိကစိုက်ပျိုးတဲ့ မကွေးတိုင်းမှာလည်း စိုက်ပျိုးမြေဧက ၂ သန်းခွဲဝန်းကျင် ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ဒေသတွင်း ပြည်သူတွေစားသုံးဖို့ ရိက္ခာ ဖူလုံအောင် မစိုက်ပျိုးနိုင်ခဲ့ပါဘူး။
စစ်ကိုင်း ဆန်စက်ပိုင်ရှင်တဦးက "စက်ရဲ့အနေအထားကတော့ များများစားစားမပါသေးပေမဲ့ တောင်သူတွေမှာ စပါးတိုက်လို့ခေါ်တဲ့ စပါးလှောင်အိမ်က ပါသွားတဲ့အတွက် စက်တွေက အလိုလိုနေရင်း နားရမယ့်အနေအထားကို ရောက်နေပါတယ်။ စက်တလုံးကို အနည်းဆုံး လူ ၃၀၊ ၄၀ လောက် လည်ရပါတယ်။ ပြေးလိုက်လွှားလိုက် စပါးကလည်း ကောင်းမွန်စွာမဝယ်နိုင်၊ အဲ့လိုအခက်အခဲတွေကြောင့် ကျနော်တို့ စက်သမားတွေအပါအဝင် အားလုံးဟာ ဝမ်းစာရေးအတွက် ခက်ခဲစွာလှုပ်ရှားနေရပါတယ်" လို့ ပြောပါတယ်။
မကွေးဒေသခံတဦးက "ဆီစက်တွေကတော့ စက်ကြီးသမားတွေက လုံးလုံးရပ်ထားရတယ်။ တနိုင်တပိုင် အိမ်တွင်းလုပ်ငန်းလေးတွေပေါ့ ဆုံဆီခေါ်တာပေါ့။ ဆုံနဲ့ လျှပ်စစ်မော်တာနဲ့ မောင်းတဲ့ လုပ်ငန်းလေးတွေကတော့ ကိုယ့်မီးစက်နဲ့ကိုယ် မဖြစ်မနေ လုပ်ကြရတာမျိုးဆိုတော့ ကျန်သေးတယ်ပေါ့။ လုပ်ငန်းပမာဏနဲ့ပြောရမယ်ဆိုရင်တော့ ရာနှုန်းပြည့်လည်တုန်းကနဲ့စာရင် သုံးပုံတပုံလောက်ပဲ လည်ပတ်နိုင်တော့တယ်" လို့ ပြောပါတယ်။
နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေက စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းစဉ် ၃ ဆင့်စလုံးကို ရပ်ဆိုင်းစေခဲ့ပြီး စားနပ်ရိက္ခာ ပြတ်တောက်မယ့် အခြေအနေဆီကို ဦးတည်နေတာပါ။
နိုင်ငံအထက်ပိုင်းမှာ စိုက်ပျိုးသီးနှံသယ်ယူပို့ဆောင်ရေး အဓိလမ်းကြောင်းဖြစ်တဲ့ ဧရာဝတီ-မန္တလေး-မုံရွာ-ပခုက္ကူ-လားရှိုး လမ်းကြောင်းကနေတဆင့် မြန်မာနိုင်ငံအထက်ပိုင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပို့ဆောင်ကုန်သွယ်ကြတာဖြစ်ပါတယ်။ နိုင်ငံအောက်ပိုင်းကုန်သွယ်ရေးလမ်းကြောင်းကတော့ ရန်ကုန်တိုင်းကို ဗဟိုပြုတာဖြစ်ပြီး နိုင်ငံတောင်ပိုင်းကုန်သွယ်ရေးဂိတ်တွေဆီကို ပို့ဆောင်ကုန်သွယ်တာဖြစ်ပါတယ်။
လတ်တလောမှာတော့ နိုင်ငံတဝန်း နယ်စပ်ကုန်သွယ်ရေးဂိတ် ၁၄ ခုမှာ ပုံမှန်ကုန်စည်စီးဆင်းမှု မရှိတော့တာကြောင့် တနိုင်ငံလုံး ကုန်သွယ်ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျ ရပ်ဆိုင်းနေပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြို့တချို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပေမဲ့ ပြည်တွင်းက လမ်းကြောင်းတွေ ပိတ်ဆို့နေဆဲဖြစ်တာကြောင့် နယ်စပ်ဂိတ်တွေဟာ ပုံမှန်အခြေအနေလို ကုန်သွယ်ဖို့ မဖြစ်နိုင်သေးပါဘူး။
ချင်းအမျိုးသားတပ်ဦး (CNF/CNA) မှ ဆလိုင်းထက်နီက "အမှတ် ၂ ကုန်သွယ်ရေးလမ်းမကြီးက ကျနော်တို့အောက်မှာရှိတယ်။ ဒါပေမဲ့ ကုန်စည်စီးဆင်းမှုကတော့ မြေပြန့်ကနေ အိန္ဒိယနိုင်ငံအထိ ကုန်စည်စီးဆင်းမှုတခုလုံးကတော့ အဲ့ဒီလိုမျိုးအထိ ကျနော်တို့ မစိုးမိုးနိုင်ခဲ့ဘူးပေါ့။ နှစ်ဖက်နိုင်ငံရဲ့ ကုန်စည်စီးဆင်းမှုကတော့ နည်းသွားမှာပေါ့။ ကျနော်တို့ စိုးမိုးထားတဲ့ နေရာမှာတော့ ကုန်စည်စီးဆင်းမှုအားကောင်းအောင် ချောချောမွေ့မွေ့နဲ့ သွားနိုင်အောင် ကျနော်တို့က အမြဲတမ်းအလေးထားပြီးတော့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။
မကွေးဒေသခံတဦးက "ပခုက္ကူမြို့ကိုဝင်တဲ့ လမ်းကြောင်းတွေ တော်တော်များများက တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကြတော့ သက်ဆိုင်ရာလမ်းပိုင်းတွေကို စိုးမိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ခွင်ပြုတဲ့ရက်တွေမှာပဲ သွားကြလာကြရတဲ့ အနေအထားမျိုး ဆိုတဲ့အခါကြတော့ တော်တော်လေးတော့ အခက်အခဲတွေဖြစ်တယ်လို့ သိရတယ်။ မကွေးတိုင်းမြစ်အနောက်ဘက် ၁၇ မြို့နယ်၊ မြစ်အရှေ့ဘက် ၈ မြို့နယ်ရှိတယ်။ မြစ်အနောက်ဘက်ကြတော့ ပုသိမ်-မုံရွာလမ်းပေါ့ မုံရွာဘက်ကနေ အိန္ဒိယဘက်ကဝင်တဲ့ ပစ္စည်းတွေရှိတာပေါ့။ တရုတ်ပစ္စည်းတွေကတော့ လားရှိုးမန္တလေးကနေပဲဝင်တာများတယ်။ ရှမ်းပြည်အောင်ပန်းဘက်က သီးနှံတွေကြတော့လည်း ကျောက်ပန်းတောင်းကနေ ပခုက္ကူဘက်ကို တော်တော်များများဝင်ခဲ့တာပေါ့။ ခုအဲ့ဒါတွေကလည်း အကုန်လုံးနီးပါးရပ်ဆိုင်းနေတဲ့သဘောပေါ့" လို့ ပြောပါတယ်။
လတ်တလောမှာ ထိတွေ့တိုက်ပွဲတွေ ရှိနေခဲ့တဲ့ ချင်းရွှေဟော်၊ မူဆယ်၊ ရိဒ်၊ တမူးနဲ့ မောင်တောဂိတ်တွေမှာ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ပုံမှန်ကာလမှာဆိုရင် အဲ့ဒီဂိတ်တွေရဲ့ ကုန်သွယ်မှုပမာဏာဟာ မြန်မာတနိုင်ငံလုံး ကုန်သွယ်စီးဆင်းမှုရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။
ကျောက်တော်စစ်ရှောင်စခန်းမှ တင်းမဆရာတော်က "ရခိုင်နယ်မှာ တချို့ကုန်သည်ကြီးတွေက ထုတ်မသုံးရဲဘူး။ ဘယ်လောက်ထိ အရှည်ဖြစ်လာမလဲ မသိဘူးဆိုပြီးတော့ ကုန်ပစ္စည်းတွေကို ထိန်းထားတာလည်းရှိတယ်။ ပစ္စည်းတွေကလည်း ပြင်ပက ဗမာပြည်ဘက်ကလည်း မဝင်လာဘူးဆိုတော့ လူတွေက ဈေးတွေ အများကြီးပေးပြီးတော့ အရင်က တထောင်လောက်ရတာကို လေး၊ ငါးထောင်ပေးပြီးတော့ ဝယ်နေရတယ်။ ကုန်းလမ်းရေလမ်း အကုန်လုံးကို ပိတ်ထားလိုက်ပြီ။ ပိတ်ဆို့လိုက်ပြီဆိုတော့ ရေကြောင်းကနေပြီးတော့ ကွမ်းရွက်လေးသယ်၊ ဆီလေးတွေ နည်းနည်းပါးပါးဝင်တာပဲရှိတယ် ဦးဇင်းတို့ ရခိုင်ပြည်နယ်မှာက" လို့ မိန့်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းရဲ့ ၂၀၂၃ နိုဝင်ဘာလအထိ မှတ်တမ်းတွေအရ နိုင်ငံတဝန်း နယ်စပ်ကုန်သွယ်ရေးဂိတ် ၁၄ ခုထဲမှာ တရုတ်နယ်စပ် မူဆယ်၊ ချင်းရွှေဟော်၊ ထိုင်းနယ်စပ် မြဝတီ၊ ထီးခီး စတဲ့ နယ်စပ်ဂိတ် ၄ ခုမှာပဲ ကုန်စည်စီးဆင်းမှုရှိနေပြီး ကျန်တဲ့ နယ်စပ်ဂိတ် ၁၀ ခုမှာတော့ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာအတွက် နိုင်ငံတကာအကူအညီတွေကို မျှော်လင့်တာထက် "စိုက်ရင်းတော်လှန်၊ တော်လှန်ရင်းစိုက်" ဆိုတဲ့ နည်းလမ်းကသာ လတ်တလောအခြေအနေမှာ လက်တွေ့ကျတယ်လို့ ဒို့မြေကွန်ရက် ဦးဆောင်သူ မောင်စစ်ငြိမ်းက ပြောပါတယ်။
"ဂိတ်တွေက အရင်ကလည်း အဆင်မပြေဘူး အခုလက်ရှိအနေအထားမှာလည်း အဆင်မပြေဘူး။ အရင်က ချင်းဘက်ကလယ်သမားတွေ ပြောပြတာဆိုရင် အိန္ဒိယဘက်ကို ပို့လို့ရတယ်။ နောက်ပိုင်း ကလေးကိုရော အိန္ဒိယဘက်ကိုရော ဆက်သွယ်ရေးလမ်းကြောင်းအရ ကျနော်တို့ ပို့လို့မရတော့ဘူး။ အဲ့ဒါက တောင်သူလယ်သမားက သူဘယ်ကိုမှ ပို့လို့မရတဲ့ကိစ္စပေါ့။ နောက်တခုကကြတော့ အချိတ်အဆက်ကို မိမနေတော့တာ။ စိုက်ထားတဲ့ဟာတွေ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို ပြန်ပြီးတော့ မျှချင်တယ်ဆိုရင်တောင်မှာ လမ်းကြောင်းတွေ အကုန်လုံးက ပြတ်တောက်သွားတယ်။ အဲ့ဒါက အတွင်းထဲမှာ ဖြစ်တဲ့ဟာ အပြင်ကနေ အထဲဝင်ဖို့ကတော့ နဂိုကတည်းက ခက်ခဲတဲ့ဟာ နဂိုကတည်းက လမ်းကြောင်းလည်းမရှိ နေတဲ့ ဟာမျိုးဖြစ်တယ်ပေါ့။ ကျန်တဲ့ နယ်စပ်ဒေသတွေကြတော့ စစ်ပွဲအခြေအနေကြောင့် ဘာမှကို လှုပ်လို့မရတဲ့ဟာမျိုး၊ မျှော်လင့်လို့လည်းမရဘူး။ လမ်းကြောင်းဆိုတာ အဝေးကြီးပေါ့နော်။"
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ၃ နှစ်ဆက်တိုက် စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်ခဲ့တာ၊ စစ်ရေး နိုင်ငံရေးပြဿနာတွေကြောင့် လုံခြုံရေး အာမခံချက်မရှိတာတွေကြောင့် ကုန်သွယ်စီးဆင်းမှုလမ်းတွေပိတ်ဆို့နေပြီး ကုန်ဈေးနှုန်းတွေ အဆမတန်တက်ခဲ့ပါတယ်။
NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က "ထိုင်းနယ်စပ် တရုတ်နယ်စပ်မှာရှိတဲ့ ကုန်သွယ်စခန်းတွေ၊ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ဒေသကို လုံခြုံအောင် တည်ငြိမ်အောင်လုပ်ပြီးတော့ ကုန်သွယ်ရေးအဆင်ပြေအောင်လို့ ကျနော်တို့တွေ ကြိုးစားနေတဲ့အချိန်မှာ စစ်တပ်ကနေပြီးတော့ ဖျက်လိုဖျက်ဆီးတွေလုပ်နေတယ်။ အိန္ဒိယနယ်စပ်မှာဆိုရင်လည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ အနေအထားတွေ အများကြီးရောက်လာတာတွေ့ရမှာပါ။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အပြည့်အဝ ထိန်းချုပ်လာနိုင်တဲ့အခါမှာ လုံခြုံရေးပေးနိုင်တာနဲ့ ကုန်သွယ်ရေးတွေ ပုံမှန်ပြန်ဖြစ်အောင် တိုင်းရင်းသားဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက လုပ်ကိုင်သွားမယ်ဆိုတာ ကျနော် သုံးသပ်ပြောကြားချင်ပါတယ်ခင်ဗျ" လို့ ပြောပါတယ်။
၂၀၂၂ ကမ္ဘာ့ဘဏ်အစီအရင်ခံစာအရ တောင်သူလယ်သမားအိမ်ထောင်စု ၅ စုမှာ ၁ စုဟာ အကျပ်အတည်းကြုံနေရပြီး စားစရာပုံမှန်ရဖို့အတွက် ငွေချေးတာ၊ ပိုင်ဆိုင်ပစ္စည်းရောင်းချတာ၊ အစားလျှော့စားတာတွေ ပြုလုပ်ခဲ့တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေး၊ ကုန်သွယ်ရေး ၂ ခုစလုံး အထိနာနေတဲ့ အခြေအနေကြောင့် ၂၀၂၃ မှာ ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေဖြစ်ခဲ့ပြီး WFP ရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာကိုရင်ဆိုင်နေရပြီး လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေပါတယ်။
သုတချမ်းသာ