မလေးရှားနိုင်ငံ၊ မာလကာပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၅ ဦး အပါအဝင် ၁၀၂ ဦးကို ဇန်နဝါရီ ၁၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မာလကာပြည်နယ်၊ ကာလီဘန်ဒေသရှိ ဆောက်လုပ်ရေးလုပ်သားတွေနေထိုင်တဲ့ နေရာတွေကို ဇန်နဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီကျော်မှာ မာလကာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အင်အား ၆၀ နီးပါးနဲ့ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၂၀၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ တရားဝင်အထောက်အထား စာရွက်စာတမ်းပါရှိတဲ့ ၁၂၇ ဦးကို ပြန်လွှတ်ပြီး အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ အသက် ၂၀ မှ ၅၀ ကြားရှိ မြန်မာနိုင်ငံသား ၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၆ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူးတဝိုက်ရှိ ဈေးဆိုင်တွေရှိတဲ့နေရာ ၁၁ နေရာကိုလည်း ဇန်နဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဂျိုဟိုးလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက “မလေးရှား လဝကအရာရှိတွေက တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေကို တိုက်ဖျက်ဖို့ဆိုတဲ့ စီမံချက်နဲ့ ဖမ်းဆီးနေတာ။ မလေးမှာ မြန်မာတွေ တနေ့မှ အဖမ်းမခံရတာမရှိဘူး၊ အနည်းနဲ့အများတော့ ဖမ်းခံနေရတာပဲ။ စီမံချက်စပြီးတည်းကဆို မြန်မာ ၁,၀၀၀ ကျော် ၁,၅၀၀ လောက် အဖမ်းခံထားရပြီးပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၅ ဦး အပါအဝင် နိုင်ငံခြားသား ၁၀၂ ဦးကို အထောက်အထား စာရွက်စာတမ်း မပါရှိတာနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့အတွက် တရားစွဲဆိုသွားမယ်လို့ မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနဲ့ ဆီလန်ဂါပြည်နယ်တို့မှာ ဇန်နဝါရီ ၁၂ ရက်က တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄၈ ယောက်ကို မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။