Home
မြန်မာသတင်း
ယုဇနဥယျာဉ်မြို့‌တော် ၅ လွှာတိုက်ပေါ်မှ ကလေး ၂ ဦး ပြုတ်ကျသေဆုံး
DVB
·
January 17, 2024
Child Dead Yuzana_17012024

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့‌တော် အပိုင်း (A)၊ ၁၀ လမ်းရှိ ၅ လွှာတိုက်ပေါ်ကနေ ဇန်နဝါရီ ၁၆ ရက် ညနေက ကလေး ၂ ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

အသက် ၁ နှစ် ၁ လအရွယ် မရွှေရည်လင်းလက်နဲ့ အသက် ၇ နှစ်အရွယ် မဖူးပြည့်စံတို့ဟာ ၅ လွှာရှိ အိပ်ခန်းထဲက ကုတင်ပေါ်တက်ဆော့ရာက ပြတင်းပေါက်ကနေ မြေပြင်ကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

အာယုလူမှုကူညီရေးအသင်း တာဝန်ရှိသူက “အသင်းက DB တွေကို မြောက်ဥက္ကလာဆေးရုံကနေ ပြန်သယ်လာပေးတာပါ။ အဲဒီနေ့က ကလေးနှစ်ယောက်စလုံးက တိုက်ရဲ့ နောက်ဆုံးခန်းက ခုတင်ပေါ်မှာ တက်ဆော့နေကြရင်းနဲ့ ပြတင်းပေါက်ပေါ်ကနေ အရှိန်လွန်ပြီး ပြုတ်ကျတာ။ အပေါ်ဆုံး ၅ လွှာကနေပါ။ ကလေးတွေက ညီအစ်မတွေတော့ မဟုတ်ဘူး၊ အိမ်နီးနားချင်းတွေ” လို့ ပြောပါတယ်။

ပြုတ်ကျလို့ရလာတဲ့ ဒဏ်ရာကြောင့် မရွှေရည်လင်းမှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး မဖူးပြည့်စံမှာ မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ တက်ရောက်ကုသနေချိန် ည ၉ နာရီ ၁၀ မိနစ်လောက်မှာ သေဆုံးခဲ့ပါတယ်။

သေဆုံးကလေးတွေရဲ့ ရုပ်အလောင်းကို မေဓာဝီဆေးရုံ၊ ရေခဲတိုက်ကနေ တောင်ဒဂုံ ကျီစုသုသာန်ကို အာယုလူမှုကူညီရေးအသင်းကားနဲ့ ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024