စစ်ပွဲပုံစံ အခုအတိုင်းဆက်သွားရင် ယူကရိန်းရဲ့ နိုင်ငံဖြစ်တည်မှုပါ “ပြန်ပြင်လို့မရအောင် ဆိုးဆိုးရွားရွား” ထိခိုက်သွားလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၆ ရက်မှာ သတိပေးလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပနေချိန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ တောင်းဆိုမှုနဲ့ ယူကရိန်းအရေး နိုင်ငံစုံ ထိပ်သီးဆွေးနွေးပွဲကြီး တပါတည်း ကျင်းပပေးဖို့ပါ အိမ်ရှင် ဆွစ်ဇာလန်က သဘောတူလိုက်ပြီးနောက် ပူတင်က အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေနဲ့ ယူကရိန်းတို့ ဆွေးနွေးကြတဲ့ ငြိမ်းချမ်းရေးဖော်မြူလာဟာ ကန့်သတ်ပိတ်ပင်တဲ့ တောင်းဆိုမှုတွေပါတာဖြစ်လို့ အလုပ်မဖြစ်ဘူးလို့လည်း ပူတင်က ဆိုပါတယ်။
“သူတို့ မဆွေးနွေးချင်ရင် မဆွေးနွေးနဲ့ပေါ့။ အခု ပိုရှင်းလာပါပြီ။ သူတို့ တန်ပြန်ထိုးစစ်ဆင်တာလည်း မအောင်မြင်ရုံသာမကဘူး၊ ရုရှားတပ်တွေကချည်းပဲ လုံးဝ လက်ဦးမှု ယူထားနိုင်တာ။ ဒီတိုင်းဆက်သွားရင် ယူကရိန်းရဲ့ နိုင်ငံဖြစ်တည်မှုပါ ပြင်မရလောက်အောင် လုံးဝ ဆိုးဆိုးရွားရွား ထိုးနှက်ခံရမှာပဲ” လို့ ပူတင်က ပြောသွားပါတယ်။
အခိုင်အမာ ခြေကုပ်ယူထားတဲ့ ရုရှားတပ်တွေအပေါ် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ထိထိရောက်ရောက် တွန်းလှန်နိုင်မှု မရှိတဲ့အချိန်မှာ ပူတင်ရဲ့ စစ်အခြေအနေ ထုတ်ပြန်ချက်တွေဟာ ပိုအထက်စီးဆန်လာခဲ့ပါတယ်။ လက်ရှိမှာ ယူကရိန်းနယ်မြေ ၁၇ ရာခိုင်နှုန်းကျော်ကို ရုရှားက ထိန်းချုပ်ထားပါတယ်။
“ကျုပ်တို့ လွန်ခဲ့တဲ့တနှစ်ခွဲအတွင်း ရခဲ့တဲ့ အသားစီးရမှုတွေကို စွန့်လွှတ်အောင်လို့ ကြိုးစားနေကြတာ၊ ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ ပူတင်က နိုင်ငံတကာရဲ့ ဆွေးနွေးမှုတွေအပေါ် ဝေဖန်သွားပါတယ်။
ယူကရိန်းနယ်နိမိတ် တပေါင်းတစည်းတည်းရှိအောင် ပြန်လည်ဖော်ဆောင်ရေး၊ ရန်လိုမှုတွေ အဆုံးသတ်ရေး၊ ရုရှားတပ်တွေ ပြန်ဆုတ်ရေး တို့ကို တောင်းဆိုထားတဲ့ ယူကရိန်းသမ္မတရဲ့ ငြိမ်းချမ်းရေးဖော်မြူလာကို ပူတင်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုဆွေးနွေးမှုမျိုးမဆို မြေပြင်မှာဖြစ်နေတဲ့ ပကတိအရှိတရားအစစ်ကို ထည့်စဉ်းစားမှရမယ်လို့ ရုရှားဘက်က ပြောထားပါတယ်။
Source/Photo-Reuters