ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာရှိတဲ့ ဒူးလေးပါတီရုံးအနီး ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခေမာသီရိရပ်ကွက် အမှတ် ၂ နယ်မြေရဲစခန်း ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ ရမ်ပူရပ်ကွက်ရှိ ဒူးလေးပါတီ ရုံးအနီးမှာ ဇန်နဝါရီ ၁၅ ရက် ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း လက်နဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရပြီး ကားဂိုဒေါင်နဲ့ ကားမှန်တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ရမ်ပူရပ်ကွက်နေ အမျိုးသား တဦးက “ဦးရွှေမင်း အိမ်က အရှေ့မှာ ပေ ၂၀ လောက်ရှိတဲ့ အခန်းလုပ်ပြီး ဒူးလေးပါတီ ရုံးခန်း ဖွင့်ထားတယ်။ ဗုံးပေါက်ကွဲတော့ အဲဒီရုံးခန်းလေးမှာ စောင့်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ သုံးဦးလောက် ထိခိုက်သွားတယ်။ အဲဒီသုံးယောက်က ဗုံးဆန်ပဲ မှန်သလား၊ သေနတ်ကျည်ဆန်ပဲ မှန်သလားတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။
အဆိုပါ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ဖော်ပြောဆိုတာ ကြေညာတာ မရှိသေးသလို ဘာကြောင့် ဗုံးခွဲတယ်ဆိုတာလည်း မသိရသေးပါဘူး။
Photo Credit - ဦးရွှေမင်းဖေ့စ်ဘွတ်ခ်