Home
နိုင်ငံတကာ
အီရတ်နှင့် ဆီးရီးယားရှိ ကာ့ဒ်သူပုန်များကို တူရကီ လေကြောင်းတိုက်ခိုက်
DVB
·
January 16, 2024
Turkey airstrike Kurd_16012024

တူရကီစစ်တပ်ဟာ အီရတ်နဲ့ ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်သူပုန်တွေကို ဇန်နဝါရီ ၁၅ ရက် ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပစ်မှတ် ၂၃ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အီရတ်မြောက်ပိုင်းမှာ ကာဒစ္စတန်အလုပ်သမားပါတီ (ပီကေကေ) က စစ်သွေးကြွတွေနဲ့ ပဋိပက္ခဖြစ်ပြီး တူရကီစစ်သား ၃ ဦး သေဆုံးခဲ့အပြီးမှာတော့ တူရကီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာ ဖြစ်ပါတယ်။

နယ်ခြားလုံခြုံရေးနဲ့ တိုက်ခိုက်လာမှုတွေကနေ ကြိုတင်ကာကွယ်ဖို့ အီရတ်မြောက်ပိုင်း နေရာအနှံ့နဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဂူတွေ၊ ဥမင်တွေ၊ လက်နက်တိုက်တွေ၊ ထောက်ပို့ပစ္စည်းတွေနဲ့ စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေကိုလည်း တူရကီက ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ကာ့ဒ်လူမျိုးတွေအရေး လှုပ်ရှားတဲ့ ပီကေကေဟာ ၁၉၈၄ ကတည်းက တူရကီအစိုးရကို လက်နက်စွဲကိုင် တော်လှန်နေတာဖြစ်ပြီး တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပီကေ‌ေကကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဒီတော်လှန်ပုန်ကန်မှုမှာ လူ ၄၀,၀၀၀ လောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အီရတ်မြောက်ပိုင်း တောင်တန်းဒေသမှာ အခြေစိုက်တဲ့ ပီကေကေ စစ်သွေးကြွစခန်းတွေကို တူရကီတပ်တွေက ပုံမှန်တိုက်ခိုက်လေ့ ရှိပါတယ်။

တူရကီဟာ ဆီးရီးယားမြောက်ပိုင်း ကာ့ဒ်လူမျိုးတွေ ထိန်းချုပ်ထားတဲ့ဒေသက လျှပ်စစ်နဲ့ ရေနံ အခြေခံအဆောက်အအုံတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် မီဒီယာဘက်က ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024