Home
မြန်မာသတင်း
ကျဆုံးစစ်သည်များကို စစ်တပ်က အလောင်းမရှာပေးသဖြင့် တပ်မိသားစု အခက်တွေ့ 
DVB
·
January 16, 2024
Phe Khon SAC attack_16012024

စစ်ကောင်စီတပ်က ဖယ်ခုံတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တပ်သားတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ တပ်သားတွေကို အလောင်းကောက်တာ၊ ရှာဖွေပေးတာ မပြုလုပ်ပေးတဲ့အတွက် ကျန်ရစ်တဲ့ တပ်မိသားစုဝင်တွေ အခက်အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

အလောင်းမတွေ့တဲ့အတွက် သက်ပျောက်ဆွမ်းသွပ်ဖို့ သေဆုံးကြောင်း ပျောက်ဆုံးကြောင်း မသေချာမှုတွေ ရှိနေတယ်လို့ ဆီဆိုင်မြို့နယ်မှာရှိတဲ့ တပ်မိသားစုဝင်တချို့က ပြောပါတယ်။

ကျန်ရစ်သူ တပ်မိသားစုဝင် အမျိုးသမီးတဦးက “ဗိုလ်မှူးဆိုပေမဲ့ ရှေ့တန်းမှာ တိုက်ပွဲဖြစ်တော့ သေနတ်တွေထိပြီး ဒဏ်ရာရနေလား၊ တကယ်ပဲ သေသွားတာလား၊ ဒါတွေလည်း သေချာမသိဘူး။ ပြန်လာတဲ့သူတွေကတော့ သေသွားတာမဟုတ်ဘူး ပြောတယ်။ ၁၅ ရက် စောင့်ကြည့်ခိုင်းပြီးတော့ တပ်ကို အဲ့တပ်သားက သတင်းပြန်မပို့ရင် သေဆုံးတယ်လို့ စာရင်းသွင်းရတယ်။ ကျမတို့ ဆွမ်းသွပ်တာတောင် ဟုတ်မှဟုတ်ပါ့မလားလို့ တွေးနေရတယ်။ အိပ်လို့လည်းမရဘူး၊ ယုံလည်းမယုံသေးဘူး။ သူတို့တပ်က ပြန်ဆုတ်ပြီဆိုရင် ပြန်မရှာပေးတော့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွင်း ကျဆုံးသွားတဲ့ တပ်သားတချို့ဟာ တပ်ဘက်က အလောင်းပြန်မကောက်နိုင်တဲ့အတွက် ရေထဲပေါလောမျောသေနေတာ၊ တိုက်ပွဲထဲက နေရာတချို့မှာ ထိခိုက်ဒဏ်ရာနဲ့ သေဆုံးတာတွေကို တွေ့ရှိရတယ်လို့ ကရင်နီ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပြီးနောက်မှာ အလောင်းပြန်ကောက်တာ ထိခိုက်ဒဏ်ရာရ တပ်သားတွေကို ပြန်ရှာဖွေတာ မလုပ်တဲ့အတွက် သွေးထွက်လွန်ပြီး ဒဏ်ရာနဲ့ သေဆုံး စစ်သားတွေကို တွေ့ရပြီး တိုက်ပွဲငြိမ်သွားတဲ့အချိန်တွေမှာ တပ်ဘက်က ရွာသားတွေကို ပိုက်ဆံပေးပြီး အလောင်းကောက်ခိုင်းတာတွေအထိ လုပ်ခိုင်းတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက်ကစပြီး အခုလက်ရှိအထိ ဖယ်ခုံမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024