ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့အစွန် တောင်ကုန်းဘက် ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီ ကျော်လောက်မှာ အမျိုးသားတဦး ခြံသွားရာက မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုင်းနင်းမိတာ ကျမတို့နဲ့ ၁ မိုင်တောင်မဝေးဘူး။ သူများခြံစောင့် ဗမာကောင်လေးလေ။ သူများ ခြံမှာ အစောင့်လာလုပ်တာ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မူဆယ်ကနေ ၁၀၅ မိုင်ဘက်ထွက်တဲ့ အဝေးပြေး ကားလမ်းမကြီးကို သွားလာခွင့် ပိတ်ထားတာကြောင့် အရေးပေါ် သွားလာရတဲ့သူတွေက မူဆယ်မြို့အစွန် မန့်မိုင် ဝောာင်ကုန်းဘက်က ဝောာလမ်းကနေ သွားလာကြရပြီး အဲဒီ မန့်မိုင်ဝောာင်ကုန်းဘက် မကြာခဏ မိုင်းနင်းမိတာမျိုး ရှိလာနေတယ်လို့ ဆိုပါတယ်။
“နေ့လယ် ၁၂ နာရီခွဲဝန်းကျင်လောက် ခြံက အပြန်မှာ ဖြစ်တာ။ ခြေထောက်က အသားပဲ ကျန်တော့တာ၊ ပြတ်သွားတာလေ။ သိန်းသန်းချီ ဟိုဘက်မှာလည်း တယောက်လေ။ ဒီဘက်မှာလည်း သုံးယောက်လောက် ရှိပြီ။ တောင်ပေါ်မှာက အများအားဖြင့် မိုင်းထောင်ထားတာကို။ ဘယ်က ထောင်လို့ ထောင်ထားမှန်းလည်း မသိဘူး။ အခုက ဒီလမ်းမကြီးကနေ သွားလို့မရတော့ တောလမ်းကနေ သွားကြတာလေ” လို့ အကူအညီပေးခဲ့သူတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မူဆယ် ခိုဝိန်းရွာမှာ ၂ ဦး၊ စွမ်စော်ရပ်ကွက်မှာ ၁ ဦး မိုင်းနင်းမိတာ ရှိတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
မူဆယ် မန့်မိုင်တောင်ပေါ် တောလမ်းတွေဘက် မသွားတာ အကောင်းဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း လားရှိုး မြို့ရှောင်လမ်းဘက်က ခြံမှာ အမျိုးသားတဦး မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်သွားခဲ့ပါသေးတယ်။