Home
မြန်မာသတင်း
ဟွန်ဒီလုပ်ငန်းများကို စစ်ကောင်စီက ရှာဖွေဖော်ထုတ် ဖမ်းဆီးနေ
DVB
·
January 15, 2024
Hondi_15012024

တရားမဝင် ဟွန်ဒီငွေလွှဲနဲ့ ငွေလဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်သူ အယောက် ၂၀ ကို ဖမ်းဆီး တရားစွဲဆိုထားပြီး ပြည်ပမှ မြန်မာနိုင်ငံသို့ ငွေကြေးကို ဟွန်ဒီနဲ့ပေးပို့တဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နေတယ်လို့ စစ်​ကောင်စီဗဟိုဘဏ်က ထုတ်​ပြန်ပါတယ်။

သံသယဖြစ်ဖွယ် ငွေလွှဲ/ငွေလဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်သူ ၉၉ ဦးနဲ့ပတ်သက်လို့ စိစစ်ပြီးနောက် ရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် အယောက် ၂၀ ကို အမှုဖွင့် အရေးယူထားသလို တရားမဝင် ငွေလွှဲ/ငွေလဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်သူ အယောက် ၂၀ ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုထားတာလို့ ဇန်နဝါရီ ၈ ရက်က ဗဟိုဘဏ် ထုတ်​ပြန်ချက်မှာ ဖော်ပြပါတယ်။

အမှုဖွင့်အရေးယူခံရသူတွေထဲမှာ တရားဝင်လုပ်ငန်းလိုင်စင် ရယူထားခြင်းမရှိဘဲ ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမား လစာငွေတွေကို တရားမဝင် လွှဲပြောင်းထုတ်ပေးသူ ၉ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကုန်ပစ္စည်းဝယ်ယူမှုအတွက် တရားမဝင် ငွေလွှဲပြောင်းပေးချေပေးသူ ၃ ဦးနဲ့ နိုင်ငံခြားငွေကနေ မြန်မာကျပ်ငွေ လဲလှယ်ပြီး ပြည်တွင်းမှာ ငွေလွှဲပြောင်းထုတ်ပေးသူ ၈ ဦးတို့ကိုလည်း အရေးယူထားတယ်လို့ ဆိုပါတယ်။

တရားမဝင် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူတွေကို စိစစ်တွေ့ရင် ဥပဒေနဲ့အညီ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီ သတင်းပေးပို့ အကြောင်းကြားနေတယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးတာတွေ လုပ်နေပေမဲ့ အရှိန်မပြတ် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ ဟွန်ဒီလုပ်ငန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြည်ပရောက် မြန်မာတွေရဲ့ လွှဲပို့ငွေကို ပြန်ထုတ်ပေးနေတဲ့ ပြည်တွင်းရှိ ဟွန်ဒီလုပ်ငန်းတွေကို စစ်ကောင်စီက အပူတပြင်း ရှာဖွေဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် လုပ်လာနေတာဖြစ်လို့ သတိနဲ့ လုပ်ကိုင်နေရတယ်လို့ သူတို့ကဆိုပါတယ်။

ရန်ကုန်မြို့ရှိ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူတဦးက “ကျော်စောသတင်းရှိသူတွေက ပိုအန္တရာယ်များတယ်။ ကျန်တာက သိပ်ပြဿနာမရှိဘူး။ လုံခြုံရေးအရ ငွေလွှဲမယ့် လူသစ်တွေကိုတော့ သတိထားရတယ်။ အဖမ်းအဆီးတွေရှိလို့ လုပ်ငန်းတွေ ရပ်လိုက်ရတာမျိုးတော့ မရှိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် ပြည်ပရောက် မြန်မာလုပ်သားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်ကနေ တရားဝင်လွှဲပို့ဖို့ ညွှန်ကြားထားသလို တရားမဝင် ငွေလွှဲလုပ်ငန်းတွေဖြစ်တဲ့ ဟွန်ဒီတွေကို ရှာဖွေဖမ်းဆီးတာတွေ လုပ်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေဟာ ဟွန်ဒီနဲ့ ငွေလွှဲပို့တာ အသားကျနေပြီး ဘဏ်ကနေ ငွေလွှဲဖို့အတွက် ဘာသာစကားနဲ့ အချိန်အခက်အခဲရှိတာ၊ စစ်ကောင်စီအမိန့်ကို လက်မခံလိုတာကြောင့် အရင်နည်းလမ်းအတိုင်းပဲ ဆက်သွားနေတာများတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတဦးက “ဒီက အလုပ်သမားတွေကို ဘဏ်အကောင့်ဖွင့်ပေးတာ ရှိတယ်။ တရားဝင်လွှဲဖို့ ဆိုပြီးတော့ပေါ့။ ကိုယ်ကလွှဲလိုက်ရင်တောင် ရွာကမိသားစုက မလုပ်တတ်ဘူး။ နားမလည်ဘူး၊ အဲဒါနဲ့ တခြားလွှဲနေကျနည်းပဲ ဆက်သွားရတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာလုပ်သားတွေကို မိသားစုဆီ တရားဝင်ငွေလွှဲအောင် လုပ်နေသလို ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ဖို့လည်း အကျပ်ကိုင် ဖိအားပေး လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024