ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ယောက် ကျဆုံးခဲ့ပြီး အဲဒီတိုက်ပွဲကို လှမ်းပစ်တဲ့ လက်နက်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ယောက် သေဆုံးသွားခဲ့ပြီး ရွာခံ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ကလေးတက္ကသိုလ် ကျောင်းဝင်းထဲကနေ သိုင်းငင်းတိုက်ပွဲဘက်ကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့ပြီး မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ကြိုးကြာကွင်းရွာဘက်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အသက် ၁၂ နှစ်အရွယ် မဝုန်ဆန်းလျန်ဟာ ဝမ်းဗိုက်မှာ လက်နက်ကြီး ထိခိုက်ဒဏ်ရာရခဲ့ပြီး မနက် ၁၁ နာရီဝန်းကျင်မှာသေဆုံးသွားခဲ့တာလို့ ဒေသခံ ရွာသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို လက်ရှိမှာလည်း ကလေးမြို့တွင်းနဲ့ မြို့အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။
ကြိုးကြာကွင်းကျေးရွာဟာ မောက်လင်းကျေးရွာအုပ်စုမှာ ပါဝင်ပြီး ကလေး-လက်ပံချောင်း ကားလမ်းမပေါ်မှာ တည်ရှိပြီး ကလေးမြို့နဲ့ ၁၀ မိုင်ဝန်းကျင် ကွာဝေးပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်တော်သာရွာက အသက် ၄၀ အရွယ် ဒေါ်လျန်ဒိတ်ကျိန် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့ပါသေးတယ်။
ကလေး-တီးတိန် လမ်းမပေါ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ CDF-CDM-SIYIN အဖွဲ့က ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက စတင်လို့ ၁၃ ရက်နေ့ ညနေပိုင်းအထိ သိုင်းငင်းရွာက စစ်ကောင်စီစခန်းကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်နေတာပါ။
CDF-CDM-SIYIN အဖွဲ့ရဲ့တာဝန်ခံက “တိုက်ပွဲကတော့ မပြီးသေးဘူးဗျ။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့လည်း ထုတယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ ကျနော်တို့ဘက်က ရဲဘော် ၃ ယောက် ကျဆုံးထားတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံးများထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က သိုင်းငင်းတိုက်ပွဲကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး ကလေးတက္ကသိုလ် ၉ မိုင်ဝင်းထဲကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။
ကလေးမြို့ခံတယောက်က “မနက်အစောကြီးကတည်းက လက်နက်ကြီးသံတွေ တမြို့လုံး ဆူညံနေအောင် ကြားရတာ။ အခုညထိ တနေကုန်ပဲ။ သိုင်းငင်းတိုက်ပွဲကို လက်နက်ကြီးနဲ့ ပစ်တယ် ကြားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက သိုင်းငင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကလေး-တီးတိန်-ဖလမ်း လမ်းမပေါ်မှာ တည်ရှိပြီး လူဦးရေ ၇၀၀ ကျော် နေထိုင်ကာ လက်ရှိမှာတော့ ဒေသခံတွေ ကျေးရွာတွင်းကနေ တိမ်းရှောင်နေတာ ၂ လဝန်းကျင်ရှိပြီလို့ CDF-SIYIN အဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။နိုဝင်ဘာ ၂၇ ရက်နေ့ကစတင်ပြီး ကလေး-သိုင်းငင်း- တီးတိန် လမ်းမကြီးကို ဒေသခံတွေအနေနဲ့ရော ခရီးသွားတွေအနေနဲ့ပါ အသုံးမပြုကြဖို့ CDF-Civic Defense Militia-CDM-Siyin အဖွဲ့က သတိပေးထားတာပါ။