ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာရှိတဲ့ ကျေးရွာတွေကို ပမ္မဝတီရေတပ်က ဇန်နဝါရီ ၁၂ ရက်မှာ စမတ်ကတ်တွေ၊ ဧည့်စာရင်းတွေ လိုက်လံစစ်ဆေးပြီး မရှိသူတွေကို ရိုက်နှက် ငွေညှစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေတပ်က အင်အား ၄၀ လောက်နဲ့ လာရောက်တာဖြစ်ပြီး ဟိုင်းကြီးကျွန်းမြို့အနီးမှာရှိတဲ့ ငပြေမကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ မရမ်းကွင်းကျေးရွာ၊ ကညင်ချောင်းကျေးရွာတို့မှာ ရိုက်နှက် ငွေညှစ်ခံရသူ အယောက် ၅၀ ထက်မနည်းရှိတယ်လို့ ရိုက်နှက် စစ်ဆေးခံရသူတွေက ပြောပါတယ်။
ပုသိမ်-မော်တင် ကားလမ်းအနီး နေထိုင်သူတယောက်က “ကျမတို့ရွာနဲ့ ရွာနားမှာရှိတဲ့ ရွာတွေပါ ဝင်စစ်ခံရတယ်။ စမတ်ကတ် မရှိတာတွေ၊ မှတ်ပုံတင်မရှိတာတွေဆို သူတို့က ရိုက်နှက်ပြီး ငွေညှစ်တာတွေ လုပ်တယ်။ ရိုက်နှက်ငွေညှစ်ခံရတဲ့သူ ၅၀ ကျော်လောက်တော့ ရှိတယ်။ ကျမတို့က စစ်မတ်ကတ်ရော မှတ်ပုံတင်ရော လုပ်ထားတာတောင် အရစ်ခံနေရသေးတယ်။ ဧည့်သည်ရှိတဲ့ အိမ်တွေကိုလည်း ဧည့်စာရင်းတွေပါ တောင်းစစ်သွားသေးတယ်” လို့ ပြောပါတယ်။
ရွာတွေမှာ မှတ်ပုံတင် စမတ်ကတ် မလုပ်ရသေးသူတွေကို ငွေကျပ် ၃ သောင်းအပြင် ရိုက်နှက်စစ်ဆေးသွားတာတွေ ရှိတယ်လို့ ငွေညှစ်ခံရသူတယောက်က ပြောပါတယ်။
“ကျနော့်ကို မှတ်ပုံတင် စမတ်ကတ် ရှိလား၊ မရှိရင် ဒီနားကိုလာဆိုပြီး စရိုက်တော့တာပဲ။ ထိုးတာတွေ ကန်တာတွေပါ လုပ်တယ်။ ၄၊ ၅ ချက်လောက် အထိုးခံရတယ်။ ခုထိကို အညိုအမည်းတွေ မပျောက်သေးဘူးဗျာ။ သူတို့ နှိပ်စက်ပြီးတော့မှ မင်းမှာ စမတ်ကတ် မရှိဘူးဆိုပြီး ၃ သောင်းပါ တောင်းသွားတယ်” လို့ ပြောပါတယ်။
ငပုတောမြို့နယ်မှာ အရင်ကလည်း စိုက်ပျိုးချေးငွေ သိန်းရာကျော်ကို ပြန်တောင်းယူတာမျိုးရှိခဲ့ပေမဲ့ အခုလို ရိုက်နှက်ခံရတဲ့အဖြစ်မျိုး မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။