ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားတွေနဲ့ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားဖို့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေ အွန်လိုင်းက တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ဖက်ဒီးတို့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက Video Conferencing နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ နယ်စပ်ကုန်သွယ်မှု လုံခြုံချောမွေ့အဆင်ပြေစေရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ သတင်းအချက် အလက်ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်း လောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေတိုက်ဖျက်ရေး၊ အထူးသဖြင့် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေ နှစ်နိုင်ငံ ပူးပေါင်း တိုက်ဖျက်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုနဲ့ အကူအညီပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့၊ မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ နယ်စပ်ဒေသမှာ တောမီးလောင်တာနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေး စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို စစ်ခေါင်းဆောင်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ထိုင်းဘုရင့်တပ်မတော်က လေတပ်စစ်ဦးစီးချုပ်တို့လည်း တက်ရောက်ခဲ့ ပါတယ်။
ကျားဖြန့်လို့ ခေါ်တဲ့ တရုတ် ငွေလိမ်ဂိုဏ်းတွေ ကြီးစိုးခဲ့တဲ့ လောက်ကိုင်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် မလည်ပတ်နိုင်ချိန်မှာ ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုမြို့သစ်မှာ အလုံးအရင်းနဲ့ တိုးချဲ့လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းဟာ စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တရုတ်လုပ်ငန်းရှင် ရှီရှီကျန်းတို့ကြား အကျိုးတူ ပူးပေါင်းထားတဲ့ စီမံကိန်းဖြစ်ပြီး ဒီဒေသမှာ ကရင်လက်နက်ကိုင်တွေရော မြန်မာစစ်တပ်နဲ့ ထိုင်းအာဏာပိုင်တွေပါ အကျိုးစီးပွား ပါဝင်ပတ်သက်နေတာ ရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ ရွှေကုက္ကိုလ်မှာ လုပ်ကိုင်နေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ၊ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ဒီဗွီဘီကို ပြောထားပါတယ်။
Photo- DSINFO