Home
မြန်မာသတင်း
မြိတ်မြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြုပြီး ဒေသခံများကို ဖမ်းဆီးငွေညှစ်
DVB
·
January 11, 2024
MyeikPoliceStation_11012024

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇန်နဝါရီ ပထမပတ်ကစတင်ကာ ဧည့်စာရင်းအကြောင်းပြုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ စစ်ကောင်စီက ရှမ်းချောင်းရပ်ကွက်ရှိ ဒေသခံ အယောက် ၂၀ ကို ဧည့်စာရင်းအကြောင်းပြုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တဦးကို ပိုက်ဆံ ကျပ် ၂ သိန်း တောင်းခံပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။

ရပ်ကွက်နေသူတဦးက “ဧည့်စာရင်းမတိုင်ထားလို့ဆိုပြီး ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်သွားတယ်။ အယောက် ၂၀ နီးပါးမှာ ၄ ယောက်လောက်က အုပ်ချုပ်ရေးမှူးရုံးမှာပဲ ပြန်လွတ်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ မြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်။ မြို့မရဲစခန်းမှာ တညအိပ်ရပြီး တယောက်ကို ပိုက်ဆံ ၂ သိန်းပေးပြီး ပြန်လွတ်လာတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာလည်း စစ်ကောင်စီက တက္ကသိုလ်ရပ်ကွက်ရှိ သုံးထပ်ဆောင်တိုက်ခန်းတွဲမှာ လူငယ် ၁၀ ဦးဝန်းကျင်လောက်ကို ဧည့်စာရင်း အကြောင်းပြုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဧည့်စာရင်းလာစစ်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးလည်းမပါဘူး။ စစ်သား၊ ပျူနဲ့ ရပ်ကွက်သတင်းပေးတွေ ပါတယ်။ တိုက်ခန်းတွဲအားလုံး ဝင်စစ်တာတော့ မဟုတ်ဘူး။ လူငယ်တွေစုနေတဲ့ အခန်းတွေကိုပဲ ဝင်စစ်တာ။ ဝင်စစ်တာတောင်မှ ရိုက်နှက်ပြီး ဝင်စစ်တယ်” လို့ အမည်မဖော်လိုသူ အမျိုးသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို မြို့မရဲစခန်း ခေါ်ဆောင်သွားပြီး တဦးကို ပိုက်ဆံ ကျပ် ၂ သိန်းစီပေးပြီးမှ ပြန်လည်လွတ်မြောက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

“အဲလိုမျိုး ဧည့်စာရင်းလာစစ်တာက အမည်ခံသက်သက်ပဲ။ ဝင်ရောက်ဖမ်းဆီးတာက ရပ်ကွက်အတွင်း သတင်းပေးတွေ ရှိနေလို့ပါ။ ဖမ်းဆီးပြီးရတဲ့ပိုက်ဆံကို သူတို့ပဲ ခွဲယူကြတာလေ” လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာလလောက်ကစပြီး မြိတ်မှာ စစ်ကောင်စီက လူတချို့ကို နေ့စားခပေးပြီး ခေါ်ယူကာ မြို့တွင်းကင်းလှည့်တာတွေနဲ့ ရပ်ကွက်တွေအတွင်း စောင့်ကြည့်ပြီး သတင်းပေးဖို့ ခိုင်းစေတာတွေ လုပ်လာတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024