တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် အီဂျယ်မြောင်ရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တဲ့ လုပ်ကြံသူဟာ အီဂျယ်မြောင်သမ္မတဖြစ်လာမှာကို တားဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဘူဆန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
သံသယရှိသူဟာ အီဂျယ်မြောင်ကို သမ္မတ ဖြစ်မလာစေဖို့နဲ့ သူ့ရဲ့ပါတီကို ရွေးကောက်ပွဲမှာ အနိုင်မရအောင် တားဆီးလိုတာဖြစ်ကြောင်း ရဲတွေဆီမှာ ဝန်ခံခဲ့တယ်လို့ ဘူဆန်မြို့တော် ရဲကော်မရှင်နာမင်းကြီး ဝူချယ်လ်မွန်းက ပြောပါတယ်။
“တရားခံက အီဂျယ်မြောင်ကို သေချာ အပြစ်မစီရင်ရသေးဘူးလို့ အာဃာတကြီးကြီးနဲ့ကို ပြောကြားခဲ့ပြီး သူ သမ္မတမဖြစ်လာအောင်၊ သူ့ကို တခြားအဖွဲ့တွေဆီမှာလည်း နာမည်စာရင်း ထည့်သွင်းလို့မရအောင်နဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစုကို ယူထားလို့မရအောင် တားဆီးချင်လို့ နစ်နာသူကို သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာ” လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ကူညီပံ့ပိုးမှုနဲ့ သံသယရှိသူနေထိုင်ရာ အလယ်ပိုင်း အာဆန်မြို့က အသက် ၇၀ အရွယ် တခြားအမျိုးသားတဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်က သူ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး တိုက်ခိုက်သူက ရဲတပ်ဖွဲ့ဆီ ရေးသားထားတဲ့စာကို ကူညီပေးပို့မှုနဲ့ ဖမ်းဆီးခဲ့တာပါ။
ဒါပေမဲ့ ဒီ အတူတကွ ပူးပေါင်းကြံစည်တဲ့ ရာဇဝတ်မှုနောက်ကွယ်မှာ တခြားရာဇဝတ်ဂိုဏ်းတွေနဲ့ တခြားအဖွဲ့အစည်းတွေတော့ ရှိမနေကြောင်း အတည်ပြုပြီးပါပြီလို့လည်း ရဲကော်မရှင်နာမင်းကြီးက ပြောပါတယ်။
ဓားနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ တောင်ကိုရီးယားရဲ့ အဓိက အတိုက်အခံပါတီခေါင်းဆောင် အီဂျယ်မြောင်ကတော့ အမုန်းတရားနဲ့ သတ်ဖြတ်မှုတွေ ဖြစ်စေတဲ့ ဒီစစ်ပွဲလို နိုင်ငံရေးဟာ ဒီအဖြစ်အပျက်နဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဇန်နဝါရီ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံပါတီတွေက နိုင်ငံရေးသမားတွေက ဒီတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်နဲ့ ဒီမိုကရေစီကို စိန်ခေါ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ယွန်းဆွတ်ခ်ယိုးကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တဲ့ သမ္မတလောင်း ကိုယ်စားလှယ်ဟောင်း အီဂျယ်မြောင်ဟာ ဇန်နဝါရီ ၂ ရက်က သူ့လက်မှတ်ကို တောင်းယူဖို့ ချဉ်းကပ်လာတဲ့ အမျိုးသားတယောက်ရဲ့ ဓားနဲ့တိုက်ခိုက်မှုကို ကြုံခဲ့ရတာပါ။
အီဂျယ်မြောင်ဟာ လည်ပင်းသွေးပြန်ကြောကို ဓားနဲ့အထိုးခံခဲ့ရပြီးနောက် ၂ နာရီကျော်ကြာ ခွဲစိတ်ကုသမှု ခံယူအပြီး ဗုဒ္ဓဟူးနေ့မှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပါတယ်။
Source/Photo-Reuters