Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ ဖားကန့်-မြစ်ကြီးနား ကားလမ်း ယာယီပြန်ပိတ်
DVB
·
January 10, 2024
road 1012024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက စတင်ပြီး ဖားကန့်-မြစ်ကြီးနား ကားလမ်းပိုင်းကို ပြန်ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

နန့်တိန်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာက နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြောင့် အဲ့ဒီကားလမ်းကို ပိတ်လိုက်ရတာလို့ ဆိုပါတယ်။

ကားလမ်းပိတ်လိုက်တာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ အပါအဝင် ကားအစီးရေ ၁၀၀ ထက်မနည်း ပိတ်မိနေတယ်လို့ ဖားကန့်-မြစ်ကြီးနား ပြေးဆွဲနေတဲ့ ကားသမားတယောက်က ပြောပါတယ်။

“မနေ့ မနက်ပိုင်းကတည်းက ဖြစ်နေကြတာ။ တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေနဲ့ ဖြစ်နေတာလို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်သံတွေ ကြားနေရတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ပဲ ကားလမ်းကို မနေ့ညနေကတည်းက ပိတ်ထားလိုက်တာ။ ပြန်ဖွင့်တာ ရက်ပိုင်းပဲကြာသေးတယ်၊ အခု ပြန်ပိတ်သွားတာ၊ ကားတွေ မနည်းပိတ်မိနေတယ်။”

ဖားကန့်-မြစ်ကြီးနား ကားလမ်းပိုင်းကို နန့်ယားဂိတ်နဲ့ လုံးခင်းဂိတ်တို့ကနေ ပိတ်ထားတာဖြစ်ပြီး အဆင်းကားတွေ ပြန်ခေါက်သွားပြီလို့ ကားသမားတွေက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာအနီးက ဒေသခံတွေဟာ ဇန်နဝါရီ ၉ ရက် မနက်ကတည်းက လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းတွေ မလုပ်ရဲဖြစ်ကာ ရပ်ထားရတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ ကျေးရွာအနီး ဒေသခံတယောက်က “အခုမနက်စောစောကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲက အတော့်ကို ပြင်းထန်နေတာ။ ပစ်ခတ်သံတွေကတော့ ဒီကနေတောင် ကြားနေရတာပါ။ ဟိုတောင်ဆီမှာကို ပိုဆူလို့ ညံနေတာ။ လက်နက်ကြီးတွေနဲ့လည်း ရွာထဲကို ပစ်နေတာပဲ။ ဘယ်မှမသွားရဲ ဘာမှမလုပ်ရဲ ဖြစ်နေတယ်။ စဖြစ်တာကတော့ မနေ့ မနက်လောက်ကပဲ” လို့ ပြောပါတယ်။ 

ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက် မနက်ကလည်း စစ်ကောင်စီအဖွဲ့ဝင်တွေ စီးနင်းလာတဲ့ မော်တော်ယာဉ်တစီးကို မော်ပုံကျေးရွာအနီးမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

“မနက် ၉ နာရီလောက်က မော်ပုံကျေးရွာနားမှာ မိုင်းဆွဲခံရတာ။ စစ်တပ်ဘက်က ဖိုးဝှီးကားနဲ့လာတာကို စားသောက်ဆိုင်နားအရောက်မှာ မိုင်းဆွဲခံရတာ။ ပြီးတော့ သေနတ်တွေနဲ့လည်း ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း အရပ်ဝတ် ဝတ်ဆင်ကာ မော်တော်ယာဉ်နဲ့ ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး တဦးသေဆုံးကာ ဒဏ်ရာရသူတွေကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံ၊ ဝှေခါ၊ နန့်တိန့် တပ်စခန်း ၃ ခုက စစ်ကောင်စီတပ်နဲ့ KIA၊ PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ဝှေခါတိုက်ပွဲနဲ့အပြိုင် ဖားကန့်-ကာမိုင်း လမ်းမပေါ်ရှိ နန့်ယားကျေးရွာ အထက်ဘက်က စစ်ကောင်စီတပ်ရဲ့ နမ့်တိန်စခန်းကို KIA, KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃ ရက်ကလည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရဲ့ အထက်ဘက် နာဖော့ဒေသကို ရိက္ခာလာပို့တယ်လို့ ယူဆရတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီးကို KIA က ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဝှေခါကျေးရွာ၊ နန့်တိန်းကျေးရွာ၊ ဆိုင်ဖရာကျေးရွာ၊ ကပ်မှော်ကျေးရွာနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးနားက ဒေသခံ ၂,၀၀၀ နီးပါး နေရပ်စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ််

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024