အစ္စရေးမြောက်ပိုင်းရှိ စစ်ဌာနချုပ် အခြေစိုက်စခန်းတခုကို ဦးဆောင်ပြီး စီးနင်းတိုက်ခိုက်ခဲ့တဲ့ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာတပ်မှူး အလီဟူစိန်ဘာဂျီကို ဇန်နဝါရီ ၉ ရက်က လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ပစ်သတ်ခဲ့ကြောင်း အစ္စရေးက ပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၁၇ နှစ်တာကာလအတွင်း သူတို့ရဲ့ အဆိုးရွားဆုံး ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆင်နွှဲခဲ့ကြရာမှာ အလီဟူစိန် ဘာဂျီက အစ္စရေးကို ဒါဇင်နဲ့ချီတဲ့ ဒရုန်းတိုက်ခိုက်မှုတွေမှာ ဦးဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အယ်လ်ဘူရေ့ဂျ်ရပ်ကွက်မှာ ဟားမတ်စ် ဒုံးကျည်နဲ့ လက်နက်ထုတ်လုပ်တဲ့ အကြီးဆုံးနေရာကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းလည်း ဟာဂါရီက ပြောပါတယ်။
စစ်သွေးကြွတွေရဲ့ လက်နက်ထုတ်လုပ်တဲ့ မြေအောက် အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်နေချိန်မှာ ရန်သူပစ်မှတ်ကို တင့်ကားပစ်ခတ်မှုကြောင့် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဟာဂါရီက ပြောပါတယ်။
တင့်ကားအမြောက်ဆန်ဟာ အနီးအနားရှိ ဓာတ်အားပေးတိုင်ကို ထိမှန်ရာကနေ လျှပ်စစ်ဓာတ်အား စီးဝင်ခဲ့ပုံပေါ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၈ ရက်ကလည်း လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး ဝီဆမ်တာဝီလ် သေဆုံးခဲ့ပြီး သူ့ရဲ့ဈာပနကို ဇန်နဝါရီ ၉ ရက်က ပြုလုပ်ခဲ့ရာ လူထုထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
သူ့ခေါင်းတလားကို ဟစ်ဇ်ဘိုလာ အလံဝါနဲ့ ဖုံးလွှမ်းထားပြီး သူ့ရွာက လမ်းတွေတလျှောက် သယ်ဆောင်ခဲ့ကြတာပါ။
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းက ပစ်ခတ်မှုအတွင်း တာဝီလ်ကို ဇန်နဝါရီ ၈ ရက်က သတ်ဖြတ်ခဲ့တယ်လို့ ဟဇ်ဘိုလာစစ်ဆင်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတွေဟာ ပါလက်စတိုင်း ဟားမတ်စ်တွေနဲ့ရော အီရန်နဲ့ပါ မဟာမိတ်ဖြစ်တဲ့ လက်နက်အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ရှီးယိုက် စစ်သွေးကြွအုပ်စု ဖြစ်တယ်လို့ အနောက်မီဒီယာတွေမှာ ဖော်ပြပါတယ်။
လက်ဘနွန်နယ်စပ်နဲ့ ၃ မိုင်ခွဲလောက်အကွာ မစ်ရှ်ဒယ် ဆာလမ်ရွာက သူတို့စီးလာတဲ့ကားကို ပစ်ခတ်ခံရလို့ တာဝီလ်နဲ့ တခြား ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန် သတင်းရင်းမြစ် ၃ ရပ်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ လက်ရွေးစင်တပ်ရင်း ရက်ဒ်ဝန်တပ်ရဲ့ အရာရှိဖြစ်တဲ့ တာဝီလ်ဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ စစ်ဆင်ရေးတွေကို ညွှန်ကြားရာမှာ ဦးဆောင်သူ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
သူဟာ အရင်က ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယားအစိုးရကို ထောက်ခံပြီး ဆီးရီးယားနိုင်ငံထဲမှာ တာဝန်ထမ်းဆောင်ဖူးပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ အင်္ဂါနေ့မှာ လက်ဘနွန်ကနေ ဖောက်ခွဲရေးဒရုန်းတွေနဲ့ အစ္စရေးစစ်တပ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။
Source/Photo-Reuters