စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်မှာ အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကုန်းကနေ မဲဇာရွာဘက်ကို စစ်ကောင်စီတပ်သားတွေ တပ်စခန်းစွန့်ခွာပြီးတဲ့ နောက်ပိုင်းကနေ မကြာခဏ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ အင်းတော်မြို့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ မဲဇာရွာဘက်ကို နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ နှစ်လုံးကျတယ်။ ရဲစခန်းနားမှာ ရဲကတော့ ရဲတွေ မရှိတော့ဘူး။ အင်းတော်ကို ဆုတ်သွားပြီး စာသင်ကျောင်းနားမှာ တလုံးကျတယ်။ ပြည်သူတယောက်ကတော့ ခြေသလုံးမှာ ဒဏ်ရာရသွားတယ်။ အရမ်းစိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူး” လို့ အင်းတော်ဒေသခံက ပြောပါတယ်။
မဲဇာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ရဲတပ်သားတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉၊ ၃၀ ဝန်းကျင်မှာ အင်းတော်ရဲစခန်းကနေ စွန့်ခွာပြီးတော့ အင်းတော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေမှာ သွားရောက်ပူးပေါင်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ မဲဇာကနေ စွန့်ခွာသွားပြီးနောက် အင်းတော်မြို့ စစ်ကောင်စီ တပ်စခန်းကနေ မဲဇာကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
“၂၈/၃၀ လောက်မှာ သူတို့(စကစ)စွန့်ခွာသွားပြီ။ အဲဒီနောက် ဒီဇင်ဘာ ၃၁ရက်နေ့မှာ လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်တယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း သုံးလုံးထပ်ပစ်တယ်။ နေအိမ်တွေ ပျက်စီးတာရှိတဲ့၊ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်တာရှိတယ်။ မဲဇာပတ်ဝန်းကျင်မှာလည်း ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။”
မဲဇာရဲစခန်းက တပ်သားတွေ စခန်းစွန့်ခွာသွားတာဟာ မော်လူးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မဲဇာရဲစခန်းမှာ အင်အားနည်းနေတာကြောင့် စခန်းစွန့်ခွာသွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးဆီကနေ သိရပါတယ်။
မဲဇာရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူတချို့က ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အင်းတော်မြို့ပေါ် စစ်ကောင်စီတပ်စခန်းကနေ မဲဇာအပြင် နဘား၊ ဗန်းမောက်ဘက်ခြမ်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။ မဲဇာရွာဟာ အင်းတော်မြို့ကနေ ၁၀ မိုင်အကွာမှာရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။