မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရန္တပိုရွာ၊ ရေဝန်းကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက် မနက် ၉ နာရီမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းဟာ မြင်းခြံမြို့နယ် တောပုရွာနဲ့ ကျားဒိုင်းရွာဘက်ကနေ ရန္တပိုရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အခုလို ဒရုန်းယာဉ်နဲ့ ဗုံးသီးချသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “ဘာကြောင့် လာချတာလဲတော့ မသိဘူး။ မြေပြင်မှာတော့ ဘာမှဖြစ်ဘူး။ ဗုံးသီးချတာက တပြိုင်နက် ၃ လုံးချသွားတယ်။ တောပုဘက်ကလာတဲ့ စစ်ကြောင်းက ချသွားတာဗျ။ ဒရုန်းကလည်း ချပြီး အဲ့ တောပုစစ်ကြောင်းဘက် ပျံသွားတယ်။ သူတို့ ဗုံးသီးချလို့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရေရရှိတယ်ဗျ။ အမျိုးသားကတော့ ဦးခေါင်းဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရ၊ ကျန်တဲ့ အမျိုးသမီး ၂ ဦးကတော့ တဦးက ဗိုက်ထိမှန်သလို တဦးက ပေါက်ပြဲရုံလောက် ဒဏ်ရာရခဲ့တယ်။ အခုစစ်ကြောင်းနှစ်ကြောင်းလုံးကတော့ ဒရုန်းနဲ့ ဗုံးသီးချပြီး နောက်ကြောင်း ပြန်လှည့်သွားပြီဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း ဆင်ချောင်းရွာဘက်ကနေ ကိုင်းရွာနဲ့ ရန္တပိုရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ကာ လက်ရှိအချိန်မှာ တောပုရွာမှာ အထိုင်ချ တပ်စွဲနေထိုင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရန္တပိုရွာမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူးပေမဲ့ ရန္တပိုရွာအနီး ဘကိုင်းရွာမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က စစ်ကောင်စီ ယာယီစာသင်ကျောင်းမှာ အထိုင်ချထားတဲ့ စခန်းငယ်တခုကို ကာကွယ်ရေးတပ်ဘက်က စခန်းသိမ်းထားတဲ့ တိုက်ပွဲဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
ဝှေခါရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် ဝှေခါကျေးရွာက ဒေသခံပြည်သူ ၁,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “လက်နက်ကြီးတွေနဲ့ ပစ်တာကတော့ တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက စပစ်နေတာ။ ဒီနေ့မနက် ၁၁ နာရီလောက်ကလည်း လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ရွာကလူတွေလည်း ဆိုင်းတောင်ဘက်ကို ရှောင်နေကြရပြီ။ အားလုံးပေါင်းဆို လူဦးရေ ၁,၀၀၀ ကျော်လောက်ရှိမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဝှေခါကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဆန်းကြွယ်ကျေးရွာ လက်နက်ကြီးကုန်းနဲ့ ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဝှေခါကျေးရွာနဲ့ အနီးနားကျေးရွာက ဒေသခံပြည်သူ ၁,၀၀၀ ကျော်ဟာ တောင်ပေါ်ဘုန်းကြီးကျောင်း၊ မှော်လျှံဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ယာယီတည်းခိုနေထိုင်နေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က စတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က ဝှေခါကျေးရွာ ရဲစခန်းနဲ့ စခန်းကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သုသာန်တာဝါတိုင်ကုန်းနဲ့ နန်မော်ကျေးရွာ အနီးနားကနေ စောင့်ကြို တိုက်ခိုက်ခဲ့ပါသေးတယ်။