ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပတ်ခ်တွန်ခွာခရိုင် ဘီယောမြို့မှာ ဇန်နဝါရီ ၈ ရက်က ရဲကားတစီးနားမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီး လူ ၂၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ဆေးရုံအပြင်ဘက်မှာ တွေ့ရတဲ့ ရုပ်သံကို Rescue 1122 ဘီယောရ်အဖွဲ့က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ပြခဲ့ပါတယ်။
အခင်းဖြစ်နေရာနဲ့ အနီးနားက အဆောက်အအုံတွေ၊ စိမ်းလန်းတဲ့ သစ်ပင်တွေကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံတွေနဲ့ ဗွီဒီယိုဖိုင်ထဲကပုံတွေ ကိုက်ညီနေလို့ ဗွီဒီယိုရဲ့တည်နေရာကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။ ဗွီဒီယိုရိုက်ကူးတဲ့ ရက်စွဲကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
ရဲကားဟာ ဘီယောမြို့ မမ်မန် တာ့စော် ဧရိယာမှာ ပိုလီယိုကာကွယ်ဆေးထိုးအဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ လမ်းကြောင်းပေါ်က ရဲကားတစီးဖြစ်တယ်လို့ ဘီယောခရိုင်ရဲအရာရှိ ခါရှိဖ် ဒူဖက်ခါက ပြောပါတယ်။
ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံဆီ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သူ သုံးလေးဦးကို ပဲ့ရှဝါမြို့ဆီ ပို့မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွက် တယ်ရိခ်အီ တာလီဘန် ပါကစ္စတန်အဖွဲ့ (TTP) က တာဝန်ရှိတယ်လို့ နောက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters