Home
မြန်မာသတင်း
စစ်ကောင်စီက ဗိုလ်ချုပ် ၂ ဦးနှင့် ဗိုလ်မှူးချုပ် ၂ ဦးကို အရန်အင်အား ပြောင်းရွှေ့၊ ဝန်ကြီး ၃ ဦး ခန့်အပ် 
DVB
·
January 9, 2024
MAL Transfer_09012024

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အပါအဝင် ဗိုလ်ချုပ် ၂ ဦးနဲ့ ဗိုလ်မှူးချုပ် ၂ ဦးကို အရန်အင်အားကို ပြောင်းရွှေ့လိုက်ပြီး ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦးကို စစ်ကောင်စီက ခန့်အပ် လိုက်ပါတယ်။

ရပခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်တင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ တပ်မ ၆၆ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းတို့ကို အရန်အင်အားကို ဇန်နဝါရီလ ၈ ရက် ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်သတင်းရင်းမြစ်ကနေ  သိရပါတယ်။

စစ်ရေးချုပ်ရုံးနဲ့ နီးစပ်သူတဦးက “ဗိုလ်ချုပ်ကြီးမိုးအောင်ကိုလည်း အရန်အင်အားကိုပို့တယ်။ ရပခတိုင်းမှူးကိုလည်း အရန်အင်အားကို ပို့တယ်။ ကကလုံက ညွှန်မှူးရော  တပ်မ ၅၅ နဲ့ တပ်မ ၆၆ က တပ်မမှူးတွေကိုပါ အရန်အင်အားကို ပို့တာပါ”လို့ ပြောပါတယ်။ 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ဇော်မင်းလတ်ကို ပြောင်းရွှေ့ခန့်အပ်ထားပြီး လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ်စစ်နိုင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

အလားတူ တပ်မ ၅၅ ခြေမြန်တပ်မ ဌာနချုပ်မှူးအဖြစ် ဗိုလ်မှူးကြီး အောင်စိုးမင်းကို ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ကာ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့တဲ့အပြင် တပ်မ ၆၆ ခြေမြန်တပ်မ ဌာနချုပ်မှူးအဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်းကို ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ကာ ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းဟာ လောက်ကိုင်မှာ လက်နက်ချတဲ့ ကိစ္စနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ဆေးခံနေရပြီး တပ်မမှူးရဲ့ ဇနီးကတော့ စစ်ခေါင်းဆောင်ရဲ့ဇနီးဖြစ်သူနဲ့ ရင်းနှီးမှုကြောင့် အပြစ်ပေးအရေးယူခြင်းမရှိဘဲ အရန်အင်အားသို့ ပို့ဆောင်ခံရတာ ဖြစ်ပါတယ်။

လတ်တလောမှာ ဒကစလောက်ကိုင်မှာ လက်နက်ချအညံ့ခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၅ ဦးနဲ့ ဗိုလ်မှူးကြီး ၃ ဦးတို့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆက်လက်စစ်ဆေးနေတယ်လို့ စစ်တပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။

လောက်ကိုင် ကျသွားပြီးနောက်မှာ စစ်ကောင်စီဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် နေရာမှာ  ဗိုလ်ချုပ်ကြီး မိုးအောင်ကို  အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် ဦးကိုကိုလှိုင်ကို စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးကို  စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂ ) ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး အဖြစ် အသီးသီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး အမိန့်နဲ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024