အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချနေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်း ၅ ခုကို တရုတ်နိုင်ငံက အရေးယူပိတ်ဆို့သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၇ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းတဲ့ကိစ္စဟာ အမေရိကန်နဲ့ တရုတ်အစိုးရတို့အကြား တင်းမာမှု မကြာခဏဖြစ်စေတဲ့ အကြောင်းရင်းပါ။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးရဲ့ နယ်မြေတစ်ခုသာ ဖြစ်တယ်လို့ တရုတ်က ရှုမြင်ထားပေမဲ့ ထိုင်ဝမ်အစိုးရကတော့ လက်မခံပါဘူး။
ဇန်နဝါရီ ၁၃ ရက် ထိုင်ဝမ် သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန် ရွေးကောက်ပွဲတွေမတိုင်မီ ဒီအရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ကြေညာတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ရဲ့ နည်းဗျူဟာ သတင်းအချက်အလက် စနစ်ကို ထိန်းသိမ်းရာမှာ ကူညီဖို့ဆိုပြီး ပြီးခဲ့တဲ့လက ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုး ကိရိယာပစ္စည်းတွေ ရောင်းချဖို့ကို အမေရိကန်နိုင်ငံခြားရေးဌာနက ခွင့်ပြုပေးခဲ့ပါတယ်။
မကြာသေးမီက လက်နက်ရောင်းချမှုတွေဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို ထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဝေဖန်ပါတယ်။
အရေးယူပိတ်ဆို့ခံရမယ့် အမေရိကန်ကုမ္ပဏီတွေကတော့ BAE Systems Land and Armaments၊ Alliant Techsystems Operations၊ AeroVironment၊ Viasat နဲ့ Data Link Solutions တို့ ဖြစ်ပါတယ်။
တရုတ်အစိုးရက လက်လှမ်းမှီသမျှ ဒီကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းမှာဖြစ်ပြီး တရုတ်နိုင်ငံတွင်းက လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအနေနဲ့ ဒီကုမ္ပဏီတွေနဲ့ ဆက်ဆံဆောင်ရွက်ခွင့် မရှိဘူးလို့ ပိတ်ပင်ထားတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။
Source/Photo - Reuters